ဘိုရိုကို သွားဖို့ လိုသေးတဲ့ အာတီတာနဲ့ နာမည်ကျော် ချန်ပီယံလုပွဲ

ဘရန့်ဖို့အသင်းကို အိမ်ကွင်းမှာပဲ ၂ဂိုး တစ်ဂိုးနဲ့ အရှုံးပေးလိုက်ရပြီးနောက် ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ အာဆင််နယ်အသင်း မကစားမီ နာရီပိုင်းအလိုမှာ ဖိအားပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ဝုလ်ဗ်အသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အမှားအယွင်းမရှိ အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၅မှတ်ပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ အနိမ့်ဆုံး တစ်ပွဲ အမှားခံလို့ ရနိုင်သေးတယ်ဆိုတဲ့ အားသာချက်မျိုး ဖြစ်ပြီး ချန်ပီယံဆုအတွက် အားတက်စရာဆိုတာကတော့ အမှန်ပါပဲ။

​”ဒီချန်ပီယံဆု ပြိုင်ပွဲဟာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ ယှဥ်ပြိုင်လုရမဲ့ ထူးမခြားနားပွဲ ပဲ ဖြစ်လာလိမ့်မယ်၊ ​နောက်ဆုံးမှာ မန်စီးတီးသာ ပန်းဝင်မယ်​” ဆိုတဲ့ စကားမျိုးဟာ ရာသီအစမှာ ဘယ်ပရိသတ်ကို ​မေး​မေး၊ ၁၀ဦး​မေး ၉ဦး​လောက်ဆီက ရလာနိုင်တဲ့ မှန်းဆချက်ပါပဲ။ ဒါ​ပေမဲ့ လီဗာပူးလ်တို့ရဲ့ အံ့သြဖွယ် ရုန်းကန်ရမှုက ရာသီတဝက်မကျိုးခင်မှာကို သူတို့​တွေ ချန်ပီယံဆု​ကို စိန်​ခေါ်ဖို့ မဖြစ်နိုင်​တော့ဘူးလို့ အ​ဖြေထုတ်လို့ ရ​နေသ​လောက်ပါပဲ။ ဒီ​တော့ မန်စီးတီးတို့ ချန်ပီယံ ဖြစ်ဖို့ ​သေချာသ​လောက်​ပေါ့။ မဟုတ်​သေးဘူး သူတို့က အဆင့် ၂မှာ ၅မှတ်ဖြတ်ခံထားရတယ်။ ဒါဆို ချဲလ်ဆီးက အဆင့် ၁ မှာ​ပေါ့။ မဟုတ်​ဘူး။ အာဆင်နယ်ဗျ။ ရာသီအစက ကြိုသိခဲ့ရင် အံ့သြကြမဲ့ အကွက်​တွေကို ​ပြောတာပါ။

ရာသီအစတုန်းကသာ ပွဲစဥ် ၁၄အပြီး အာဆင်နယ်တို့ ၅မှတ်ပြတ်နဲ့ အမှတ်​ပေးဇယား ဦး​ဆောင်​နေတယ်လို့ တစ်​ဦးဦးက ​ပြောခဲ့ရင် ရူး​နေလား ​မေးခံရမဲ့ အကွက်ဖြစ်ပါလိမ့်မယ်။ ဇယားထိပ်က အသင်းဟာ မန်စီးတီး​ရော လီဗာပူးလ်​ရော မဟုတ်ခဲ့ဘူးဆို​တောင် ချဲလ်ဆီးလို့ပဲ အများထင်ကြမယ်၊ ဒါမှမဟုတ် ကွန်တီရဲ့ စပါးထင်ကြမယ်၊ ​နောက်ဆုံး နည်းပြသစ် တန်ဟက်နဲ့များ ချက်ချင်းကြီး ​ကောင်းသွားလို့များလားဆိုပြီး မန်ယူကို ထင်ရင် ထင်ကြလိမ့်မယ်။ အာဆင်နယ်ကို အမှတ်​ပေးဇယားထိပ် ​ရောက်​နေမယ်လို့ အာဆင်နယ် ပရိသတ်က​တောင် ခန့်မှန်းမိမယ် မထင်​လောက်ဘူးဆို လွန်မယ် မထင်ပါဘူး။

ဘာလို့လဲဆို အ​ဖြေကရှင်းတယ်။ ကစားသမားအများစုက ​ခြေတက်တုန်း၊ သင်ယူတုန်း အ​တွေ့အကြုံနုနယ်​​သူ​တွေချည်း။ နည်းပြကလဲ ဒီလိုပဲ မထူးဘူး။ ​ခေါ်ယူထားတဲ့ ကစားသမား အများစုမှာလဲ ဂျီးဆပ်စ် တစ်​ယောက်သာ အားကိုးရမယ်လို့ ကြိုတင် ​ဟောကိန်းထုတ်လို့ရနိုင်တဲ့ အဆင့်မျိုး ဖြစ််တယ်။ ဇင်ချန်ကိုဆိုတာ ဒဏ်ရာနဲ့ နဘန်းလုံး​နေကြကိုး။ ဒီ​တော့ အာဆင်နယ်ဟာ ​ရေရှည်မှာ ​ကောင်းလာမဲ့အသင်းဆိုတာ လက်ခံတယ်၊ ဒါ​ပေမဲ့ အ​တွေ့ကြုံရင့် ထိပ်တန်းကစားသမား​တွေ ရှိတဲ့ ပြိုင်ဘက်​တချို့ကို ​ကျော်ဖြတ်ပြီး အဆင့်​ကောင်း ရချင်ရနိုင်လိမ့်မယ်၊ အားလုံးကို ​ကျော်ဖြတ်ပြီး ထိပ်ဆုံး ဖြစ်​နေမယ်လို့ ​မှန်းမရ​သေးတာ​တော့ လက်ခံရမှာပဲ။

ဘရန့်ဖို့ဒ်ကို မန်စီးတီး ရှုံးနိမ့်ပြီး​တော့ အာဆင်နယ်ရဲ့ အား​ကောင်းလာတဲ့ ချန်ပီယံ ​မျှော်လင့်ချက်အ​ပေါ် ပပ်ဂွာဒီယိုလာက ​ “အာတီတာအ​နေနဲ့ မစ်ဒယ်ဘ​ရော့ကို သွားပြီး၊ ရလဒ်တစ်ခုခု ရ​အောင်ယူရဦးမှာပါ။” လို့ ​ပြောလိုက်​တော့ သတင်း​ထောက်​တွေက ရယ်ကြတယ်။ အာဆယ်နယ်ရယ် အာတီတာရယ်နဲ့၊ ပရီးမီးယားလိဂ်ရယ် မစ်ဒယ်ဘ​ရော့ရယ်နဲ့ ဘာမှမဆိုင်ဘူး​လေ ဆိုပြီး ရယ်ကြတာမျိုး​တော့ မဟုတ်ပါဘူး။ အဲဒီသတင်း​အောက်မှာလဲ ပရိသတ်အချို့က ဘာလား​ပေါ့ ဆိုတဲ့ အူ​ကြောင်​ကြောင်ဖြစ်ကုန်တာ​တွေ ရှိပြန်တယ်။

အမှန်က စပိန်လူမျိုးနည်းပြရဲ့ မှတ်ချက်စကားဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်​​ကျော် ချန်ပီယံ လုပွဲကို ရည်ညွှန်းလိုက်တာဖြစ်ပါတယ်။ ​ပြောရရင် ဂွာဒီယိုလာက သူ့လက်​ထောက်​ဟောင်းကို “စိန်​ခေါ်မှုကို လက်ခံပြီ” “မင်းတို့ ရှုံးနိမ့်သွားမဲ့ ပြိုင်ပွဲရဲ့ အဆုံးသတ်ကို မြင်ရတဲ့အခါ သိပ်ကို နှစ်သက်မိမှာပဲ။” လို့ သွယ်ဝိုက် ​အသိ​ပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။ နယူးကာဆယ် နည်းပြ ကယ်ဗင်ကီးဂန်းရဲ့ ပြိုင်ဘက် အဲလက်စ်ဖာဂူဆန်ကို စိန်​ခေါ်ခဲ့ဖူးတဲ့ ၁၉၉၆ခုနှစ်က စကားကို ကိုးကားရင်းနဲ့ ချန်ပီယံအ​ဖြေက ပွဲစဥ်ကုန်မှ ထွက်တာလို့ ဆိုလိုလိုက်ခြင်းပါပဲ။

■ကီးဂန်း ​လောင်ကျွမ်းမှု

၁၉၉၆များဆီက နယူးကာဆယ်အသင်းဟာ မန်ယူအသင်းကို ရမှတ် ၁၂မှတ်ထိ ဖြတ်ထားနိုင်ခဲ့တာပါ။ နယူးကာဆယ် ချန်ပီယံဖြစ်ပြီလို့ အားလုံးလိုက သတ်မှတ်ခဲ့ကြပြီး ဘွတ်ကီ​တွေကဆို နယူးကာဆယ် ချန်ပီယံဖြစ်မယ်ဆိုတဲ့ ​ကြေး​တွေကို ပိတ်ခဲ့ရပါတယ်။  ဒါ့အပြင် နယူးကာဆယ်ရဲ့ ​ခြေစွမ်းဟာ တည်ငြိမ်လွန်းတာ​ကြောင့် ချန်ပီယံ မှန်းချက် ​လောင်း​ကြေး​တွေအ​ပေါ် ​လောင်းကစား ကုမ္ပဏီအချို့က အ​လျော်အစားပင်လုပ်ခဲ့တယ်လို့ ​ကောလဟလ​တွေ​တောင် ရှိခဲ့ပါတယ်။ ကီးဂန်းရဲ့ အသင်းဟာ ဇန်နဝါရီ လကုန်​ပိုင်း​လောက်ထိ အမှတ်​ပေးဇယားကို ၁၂မှတ်အသာနဲ့ ဦး​ဆောင်နိုင်​နေတာ​ကြောင့် ဒါ​တွေကို အမှားလို့​တော့ ​ပြောနိုင်မှာ မဟုတ်ပါဘူး။

ဒါ​ပေမဲ့ နည်းပြ​တွေအကြား Mind Games လို့ ​ခေါ်တဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ တိုက်ခိုက်အသာစီးယူတတ်တဲ့ ဖာဂူဆန်ရဲ့ စကား​တွေမှာ ကီးဂန်း ရှုံးနိမ့်ခဲ့ရပြီး ရလဒ်​တွေ ​တောက်​လျှောက် ကျဆင်းခဲ့ပါ​တော့တယ်။ ရာသီမကုန်ခင် ၂ပွဲအလိုမှာ မီဒီယာ​တွေ​ရှေ့မှာကို လက်ညိုး​ငေါက်​ငေါက်ထိုး ​ပေါက်ကွဲ​အော်ဟစ်ခဲ့တာဟာ ​ခေတ်စကားနဲ့ဆိုရင် လုံးဝ Epic ပါပဲ။ ဒီအခိုက်အတန့်ဟာ ပရီးမီးယားလိဂ်ရဲ့ တန်ပိုအမြင့်ဆုံး၊ စိတ်ဝင်စားဖွယ် အ​ကောင်းဆုံး အ​ခြေအ​နေလို့ သတ်မှတ်ကြပါတယ်။ ​ကီဗင်ကီးဂန်းလို့ တစ်ဦးဦးက နာမည်တပ်ခဲ့ရင် သူ့ရဲ့​အောင်မြင်မှု​တွေ အမှတ်ရမှာ မဟုတ်ပဲ၊ လက်ညိုး​ငေါက်​ငေါက်ထိုးပြီး မ​ကျေမနပ်​ အော်ဟစ်​နေတဲ့ ပုံရိပ်ကသာ အားလုံးစိတ်ထဲမှာ စွဲ​ထင်​နေ​အောင်ပါပဲ။

​■ကီးဂန်း ဘာလို့ ​လောင်သလဲ

နယူးအသင်းက ​နောက်ဆုံး ၂ပွဲ ကစားဖို့ လိုတဲ့အချိန်မှာ တစ်ပွဲကစားဖို့ ကျန်​နေတဲ့ မန်ယူရဲ့ ​နောက် ၃မှတ်အကွာမှာ ဖြစ်ပါတယ်။ ဒါ့​ကြောင့် ကိုယ်စီ လက်ကျန်ပွဲ​တွေ အားလုံး အနိုင်ယူခဲ့ရင် အမှတ်တူမှာ ဖြစ်လို့ ဂိုးကွာခြားချက်က အဆုံးအဖြတ် ဖြစ်မှာပါ။ နယူးက လိဒ်အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ယူထားတာ ပူပူ​နွေး​နွေးလဲ ဖြစ်ပါတယ်။ အသင်း​တွေရဲ့ ​ခြေစွမ်းပိုင်းအရဆို လိဒ်ရဲ့ ​ခြေစွမ်းက အားရစရာ မရှိတာမို့ တစ်ဂိုးတည်း သွင်းခဲ့နိုင်တာကိုလဲ ကီးဂန်းက ​ကျေနပ်ပုံ မ​ပေါ်ပါဘူး။ အထူးသဖြင့် မန်ယူအသင်းက ​​ဖောရက်စ်ကို ၅ဂိုးပြတ် အနိုင်ယူလိုက်တာ​ကြောင့် ဂိုးကွာခြားချက်အ​နေနဲ့ ၆ဂိုးပြတ်သွားတာ ဖြစ်ပါတယ်။ ဒါ​တွေဟာ ကီးဂန်း ​ပေါက်ကွဲခဲ့ရတဲ့ အ​ကြောင်းပြချက် ဖြစ်ဟန်ရှိတယ်လို့ ကာယကံရှင် ဖာဂူဆန်​ရော သုံးသပ်သူများကပါ မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူအသင်းရဲ့ နည်းပြကြီးက တန်းဆင်းဇုန်နား ​ဝေ့​နေတတ်တဲ့ လိဒ်အသင်းဟာ မန်ယူနဲ့​တွေ့မှ ဘာ့​ကြောင့် ထိပ်တန်း​ခြေစွမ်းပြရသလဲ နားမလည်​ကြောင်း၊ ဒီလိုပဲ အသင်းအချို့ဟာ မန်ယူနဲ့​တွေ့မှ အားကုန်သုံး ကစား​နေကြတာဟာ လက်ခံလို့ မရ​ကြောင်း ​ပြောခဲ့ပါတယ်။ ဒါဟာ ဖောရက်စ်နှင့် လိဒ်အသင်းတို့အား နယူးကာဆယ်နှင့် ​တွေ့မည့် ပွဲအတွက် မန်ယူနဲ့ ကစားသလိုမျိုး ကစားဖို့ ဖိအား​ပေးတာလို့ သုံးသပ်ကြပါတယ်။ ကောလဟလ​တွေအရ ​ဖောရက်စ်နှင့် လိဒ်တို့ဟာ မန်ယူအသင်းကို အမြင်မကြည်တာ​ကြောင့် နယူးကာဆယ်ကို အလွယ်တကူပင် အရှူံး​ပေးကြလိမ့်မည်ဟု ဖာဂူဆန်မှာ အမြင်ရှိ​ကြောင်း ​ဖော်ပြကြပါတယ်။

ထို့​ကြောင့် လိဒ်အသင်းကို ခက်ခက်ခဲခဲ အနိုင်ရပြီး​နောက် ကီးဂန်းက “ဒီပွဲရဲ့ ဗီဒီယိုဖိုင်ကို မင်း ဆာအဲလက်စ်ဖာဂူဆန်ဆီ ပို့ရမယ်မလား။ ဟမ်။ ဟုတ်တယ်မလား။ လာမယ့် ကြာသပ​တေးမှာ ​ဖောရက်စ်ကို ကစားရဦးမယ်။ ဒါဟာ လွန်ခဲ့တဲ့ ၅လ​လောက်ကတည်းက စီစဥ်ထားတဲ့ ပွဲစဥ်ဇယားပဲ။ ဒီပွဲ​တွေအတွက် ဘာမှကို ​ငြင်းဆန်စရာ၊ ပြောစရာမလိုဘူး ထင်တယ်။ ဆိုလိုချင်တာက ငါတို့က ဒီ့ထက် ပို​လေးစားထိုက်တယ်လို့ထင်တယ်။” ဟု သတင်း​ထောက်ဆီမှာ ​ပေါက်ကွဲခဲ့သည်။

သတင်း​ထောက်က ဒါ​တွေဟာ အတည်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ စီးချင်းထိုးမှု မဟုတ်ဘူးလားလို့ ​ပြန်လည်​ပြောဆိုတဲ့အခါ “မဟုတ်ဘူး။ ဒီလို စွပ်စွဲမှု​တွေကို ပရိုကစားသမား​တွေအ​ပေါ် ​ပြောတာမျိုး၊ စတူးဝပ်ပီးယာ့စ်လို လူကြီးလူ​ကောင်းအ​ပေါ် ​ပြောတာမျိုးလုပ်ပြီးမှ စိတ်ပိုင်းဆိုင်ရာ စီးချင်းထိုးတာလို့ ​ပြောလို့မရဘူးကွ။ ငါ ဘာမှ မတုန့်ပြန်ပဲ အ​တော်​လေး ငြိမ်​နေခဲ့တယ်။ ဒါ​ပေမဲ့ အခု​ပြော​တော့မယ်။ သူ[ဖာဂူဆန်] ဒီလိုစကား​တွေ ​ပြောလိုက်တဲ့အချိန်မှာ သူ့အ​ပေါ် ငါ့အထင်ကြီးမှု​တွေ ​အောက်ထိုးကျသွားတယ်။ ပွဲ​တွေက ငါတို့​ ဖန်တီးလုပ်ကြံထားတာ မဟုတ်ဘူးဟ။ ဒါ​ပေမဲ့ ငါ​ပြောမယ်။ မင်းတို့[တီဗီကြည့်​နေတဲ့သူ​တွေ]လည်း ကြည့်​နေရင် သူ့ကို ​ပြောပြလိုက်စမ်း။ ငါတို့က ဒီချန်ပီယံဆုကို လု​နေကြတုန်းပဲ။ သူတို့လဲ ​မစ်ဒယ်ဘ​ရော့ချ်ကို သွားပြီး ရလဒ်တစ်ခုရ​အောင် လုပ်ရဦးမှာပဲ။ ​နောက်ပြီး ငါ ရိုးရိုးတန်းတန်းပဲ ​ပြောမယ်။ ချန်ပီယံဆုမှာ သူတို့ကို ​နောက်​ကောက်ချနိုင်ခဲ့ရင် ငါ အရမ်းနှစ်သက်မိမယ် ဆိုတာပဲ။” ဟု တီဗီ ဖန်သားပြင်ဆီသို့ လက်ညိုးတစ်ထိုးထိုးနှင့် ကီးဂန်း ​ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်ဖြစ်ပြီးသည့်​နောက် နယူးကာဆယ်သည် လက်ကျန်​ ဖောရက်စ်၊ စပါးတို့နှင့် သ​ရေရလဒ်သာ ရယူနိုင်ခဲ့​ပေမဲ့၊ မန်ယူအသင်းမှာ မစ်ဒယ်ဘ​ရော့ချ်အား ၃ဂိုးပြတ် အနိုင်ရခဲ့သဖြင့် ကီးဂန်း ချန်ပီယံဆု ဆွတ်ခူးနိုင်မည့် အခွင့်အ​ရေးကို လက်လွှတ်ခဲ့ရသည်။ ထိုအချက်က လိဂ်ချန်ပီယံ ရယူနိုင်ဖို့ ​ခြေစွမ်းပိုင်းအပြင် စိတ်ဓါတ်ပိုင်းဆိုင်ရာပါ ပြီးပြည့်စုံ​နေရမည်ဆို​သော အကြီးမားဆုံး သက်​သေအဖြစ် ယခုအချိန်ထိ ကိုးကား​လျက်ရှိ​သည်။

■အာတီတာ vs ဂွာဒီယိုလာ

အထက်ပါ အဖြစ်ပျက်အပြင် ဘင်နီတက်ဇ်၊ ဝင်းဂါး စသဖြင့် လိဂ်ချန်ပီယံဆုများကို MindGames များဖြင့် အ​ရေးနိမ့်သွားရ​သော သက်​သေများ ရှိခဲ့ရာ “အာတီတာအ​နေနဲ့ မစ်ဒယ်ဘ​ရော့သွားပြီး ရလဒ်တစ်ခု ယူဖို့လို​နေ​သေးတယ်” ဆိုတဲ့ ဂွာဒီယိုလာရဲ့ စကားဟာ [အာတီတာ​ရေ စိန်လိုက်​တော့] ဟု ​တိုက်ရိုက်မ​ပြောရုံတမယ် ချန်ပီယံဆုအတွက် ၎င်းတို့ ​နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်မည် ဖြစ်​ကြောင်း ​ကြေငြာလိုက်တာပဲလို့ ​ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။

ထို့​ကြောင့် အာဆင်နယ် မန်စီးတီးကို ယှဥ်နိုင်ပါ့မလား၊ ​နောက်ဆုံးအချိန်ထိ ​ခြေမ​ချော် ​ခြေမ​ခေါက်ပဲ တည့်တည့်​ပြေးနိုင်ပါ့မလား သုံးသပ်ရမည် ဖြစ်သည်။ ဒီလို ဘာ့​ကြောင့် ​ပြောရသလဲ ဆိုရင် ​လော​လောလတ်လတ် ရလဒ်များအရ မန်စီးတီးကို ​​ကျော်နိုင်တဲ့အသင်းက ချန်ပီယံဖြစ်ဖို့ရာနှုန်းပြည့် ဖြစ်​နေတာပဲ​လေဟု ​ပြောရမည် ဖြစ်သည်။ ရာသီတိုင်းလိုလို ရမှတ် ၉၀ ပတ်ချာလည်ရ​နေတဲ့ စီးတီးကို ယှဥ်နိုင်ဖို့ဆိုရင် ​[၁]ခြေစွမ်း၊ [၂]စိတ်ဓါတ်၊ [၃]ဒဏ်ရာ၊ [၄]ကံ အားလုံး ပြီးပြည့်စုံ​နေမှ ရ​လောက်​အောင် ခက်ခဲလှသည် မဟုတ်ပါလား။

​■ခြေစွမ်းနှင့် စိတ်ဓါတ်

အာဆင်နယ်နည်းပြ အာတီတာအ​နေနှင့် စီးတီးအသင်း၏ အ​ကြောင်းကို အခြားအသင်းများထက် ပိုမို သိရှိနိုင်တာ​ကြောင့် ဒီအချက်​တွေကို ပိုမိုသိ​နေမည်မှာလဲ ​သေချာသ​လောက်ပင်။ အသင်း၏ ​ခြေစွမ်းမှာ မြင်ရသည့်အတိုင်း ပြီးပြည့်စုံ​နေသည်ဖြစ်၍ ​ပြောစရာမရှိ​သော်လဲ လူငယ်များနှင့် တည်​ဆောက်ထား​သော အသင်းဖြစ်၍ တက်လွယ်ကျလွယ်နိုင်သည့် အသင်း၏ အ​ခြေအ​နေကို ကြိုတင် စဥ်းစားပြင်ဆင်ထားဖို့ လိုသည်။ လီဗာပူးလ်နည်းပြ က​လော့ပ်သည်ပင် အသင်းအတွက် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် အ​မြောက်အများကို ခန့်အပ်ပြီး မန်စီးတီးကို ယှဥ်ခဲ့ရတာကို အာတီတာ သတိပြုရပါမယ်။ ​ဇာခါနှင့် အိုဒီဂတ်တို့ ကစားသမား​ဟောင်း ဂါးလက်စ်လို ကွင်းထဲမှာ ငိုသွားသလိုမျိုး ထပ်အဖြစ်ခံလို့ မရပါဘူး။ ဒီအတွက် ကြိုတင်ပြင်ဆင်ပြီး တစ်ပွဲချင်း ချဥ်းကပ်ရင်း၊ ဖြစ်သင့်တဲ့ ရည်မှန်းချက်ကဘာလဲ၊ ဘယ်လိုရလဒ်က အမြတ်လဲ သိ​နေ​အောင် ကစားသမား​တွေရဲ့ ​ခေါင်းထဲကို ရိုက်သွင်းရပါလိမ့်မယ်။

ပရီးမီးယားလိဂ်ကို မထင်မှတ်တဲ့ အ​နေအထားနဲ့ ရသွားတဲ့ အသင်းကို ပြပါဆိုရင် လက်စတာကို လူတိုင်း လက်ညိုးထိုးပြကြမှာပဲ။ တန်းဆင်းဇုန်နား ဝဲ​နေရမဲ့ အသင်းက ချန်ပီယံ တက်ဖြစ်တာကိုး။ အဲဒီ​အောင်ပွဲရဲ့ ​အောင်မြင်​ရေး ​သော့ချက်ကို နည်းပြကြီး ရာနီ​ရေးရီ သုံးသပ်တာက​တော့ ကစားသမား​တွေအ​ပေါ်မှာ ဘယ်အချိန်မှာမှ ဖိအား အ​ရောက်မခံပဲ၊ ​​ပျော်ရွှင်​နေ​စေခြင်းပဲလို့ ဆိုပါတယ်။ ​​ရာနီ​ရေးရီက ကစားသမား​တွေအတွက် ဖြစ်သင့်တဲ့ ရည်မှန်းချက် ချ​ပေးပြီး တဆင့်ခြင်း တက်​စေတာလို့ ​ပြောပါတယ်။ မမှီတဲ့ပန်း ခုန်လှမ်းဖို့ မကြိုးစားပဲ၊ တဖြည်းဖြည်း တုံး တစ်ခုပြီး တစ်ခု ခုရင်းနဲ့ ချန်ပီယံဆုကို လက်​တွေ့ရယူသွားတာလို့ ​ပြောရပါလိမ့်မယ်။

“ချာတိတ်​တွေဆီမှာ တာဝန်​ကျေပြစရာ ဘာမှ မရှိဘူးဆိုတာကို သိ​အောင် ပြ​ပေးဖို့ အလွန်အ​ရေးကြီးတယ်။ သူတို့ကို ဖိအား​တွေက သတ်သွားမှာ ကျွန်​တော် သိပ်ကြောက်ခဲ့တာ။ အမှန်ဆို ကျွန်​တော်တို့က တန်းမဆင်းရင် ရပြီဆိုတဲ့ အသင်း​အဆင့်က​နေ ထိပ်တန်းအသင်း​တွေနဲ့ သူတင်ကိုယ်တင် ယှဥ်​နေရတာကိုး။ ဒါ့​ကြောင့် ရည်မှန်းချက် ​သေး​သေး​လေး​တွေနဲ့ သူတို့ကို ဖိအားနည်း​စေတယ်။ ဥပမာ ​ပြောရရင်— ဟုတ်ပြီ တန်းမဆင်းရမဲ့ အမှတ် ရ​အောင်ယူမယ်၊ ဥ​ရောပ ပြိုင်ပွဲဝင်​အောင် ကစားကြတာ​ပေါ့၊ ချန်ပီယံဆု ရရင် အမြတ်​ပေါ့၊ ချန်ပီယံ ဖြစ်နိုင်ပြီ​ဟေ့၊ ဆိုပြီး တဆင့်ခြင်း တက်ခဲ့တာပါ။” ဟု အီတလီသားကြီးက သူ့ရဲ့ ကိုင်တွယ်ပုံကို ရှင်းပြဖူးပါတယ်။ ဒါ့အပြင် ကစားသမား​တွေ တက်ကြွလန်းဆန်း​စေဖို့အတွက် လာမဲ့ပွဲဘယ်​လောက်မှာ အမှတ်ဘယ်​လောက်ရရင် အဲ့ဒီတစ်ပတ်လုံး အနား​ပေးမယ်ဆိုသည့် စိန်​ခေါ်မှုမျိုးနှင့် အသင်းပတ်ဝန်းကျင်မှာ ​ပျော်ရွှင်​စေခဲ့တယ်လို့လဲ မှတ်ချက်ပြုခဲ့ပါတယ်။

အာတီတာအ​နေနဲ့လဲ လူစာရင်းမမျှတဲ့ မန်စီးတီးနဲ့ ပွဲစဥ် ၃၈အထိ ယှဥ်ပြိုင်ဖို့ရာ လက်စတာနည်းပြ​ဟောင်းကြီးလို ရည်မှန်းချက် ​သေး​သေး​လေး​တွေ ဖန်တီး​ပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

■ဒဏ်ရာနှင့် ကံ

ဒဏ်ရာအ​ကြောင်း ​ပြောရရင် ကံ​ကြောင့်ဖြစ်တဲ့ ဒဏ်ရာကို ​ရှောင်လွှဲမရ​ပေမဲ့၊ ပွဲပမ်းတာ​ကြောင့် ဖြစ်တဲ့ ဒဏ်ရာ​တွေကတော့ ​ရှောင်လွှဲနိုင်ပါတယ်။ ​ပြောရရင် ကံဆိုးလို့ ဒဏ်ရာရတယ်ဆိုတာမျိုးက အင်မတန်ကိုရှားပါတယ်။ ကြံ့ခိုင်မှုပြည့်​နေတဲ့ ကစားသမား​တွေဟာ ဒဏ်ရာရ အလွန်နည်းတတ်တာ သိပ္ပံနည်းကျတဲ့ လက်​တွေ့အ​ဖြေပါပဲ။ ကိုယ်ယှဥ်ပြိုင်ရမဲ့ အသင်းဟာ ဖိုဒင်မရှိချိန် ဂရီယာလစ်ချ်လို ကစားသမားမျိုး ထွက်လာမဲ့အချိန်၊ ဒီယက်စ်လို ခံစစ်မှူး​တောင် အရံဖြစ်​နေတဲ့အချိန်မှာ ဆာကာမကစားနိုင် ဘယ်လိုလုပ်မလဲ၊ မာတီနယ်လီနာသွားရင်​ရော၊ ပါ​တေးကျိုးလို့မဖြစ်ဘူး ဆိုတာမျိုးက ကိုယ့်အသင်းရဲ့ ပကတိ အားနည်းချက် ဖြစ်ပါတယ်။ ဒါ​တွေကို ကြိုတင် တွက်ဆကာမှ ​ရေရှည် ခရီး​ပေါက်မှာ ဖြစ်ပါတယ်။

မန်စီးတီးလို လီဗာပူးလ်လို အသင်း​တွေ​တောင် လာ​ပေါ့တ်၊ ဗန်ဒိုက်ကဲ့သို့ ကစားသမား​တွေ ဒဏ်ရာရခဲ့တဲ့အခါ ဆုဖလား​မျှော်လင့်ချက်​တွေ အားနည်းသွားတတ်တဲ့အခါ အာတီတာအ​နေနဲ့ ​လှေနံ၂ဖက် နင်းတာမျိုး လုပ်လို့မရပါဘူး။ ယူရိုပါလိဂ်​လေးလဲ ကစားချင်၊ ကာရာ​ဘောင်းနဲ့ FA က အရံ​ပေါ့ဆိုရင် ရာသီခရီး​ပေါက်​လေ ရုန်းကန်ရတာ သိသာ​လေ ဖြစ်လာမှာပါပဲ။ စ​တေးသင့်တာကို စ​တေးတာဟာ အဖြစ်သင့်ဆုံးလို့ အာတီတာ လက်ခံနိုင်​လေ အာဆင်နယ်နဲ့ ​ဝေးကွာ​နေတဲ့ ချန်ပီယံဆု နီးစပ်​လေလို့ ဆိုရပါမယ်။

ပြိုင်ပွဲ​တွေကို ချဥ်းကပ်ရာမှာ အင်မတန် ထူးချွန်တဲ့ ​မော်ရင်ဟိုဟာ သမိုင်းတ​လျှောက် အ​ကောင်းဆုံး အသင်းလို့ ​ခေါ်ဆိုနိုင်တဲ့ ဘာစီလိုနာနဲ့ ယှဥ်ပြိုင်နိုင်ဖို့ လာလီဂါပွဲစဥ်​တွေကို တစ်ပွဲချင်း တူညီတဲ့ အားနဲ့ ကစားခဲ့တယ်လို့ ဝန်ခံဖူးပါတယ်။ ​ပြောရရင် အသင်းကြီးမို့ ပိုဂရုစိုက်တယ်ဆိုတာမျိုး မဟုတ်ပဲ တစ်ပွဲ သုံးမှတ်၊ မပိုဘူး မလိုဘူးဆိုတဲ့ ခံယူချက်နဲ့ ဖြစ်ပါတယ်။ ဒါ့​ကြောင့် ရာသီကုန်မှာ ရမှတ် ၁၀၀အပြည့်ရယူပြီး စံချိန်တင်နိုင်ခဲ့သလို သွင်းဂိုး​ပေါင်း ၁၂၀​ကျော် သွင်းယူခဲ့တာ​တွေဟာ ဘယ်အသင်းကိုမဆို မညှာတာပဲ ကစားသွားတယ်လို့ သက်​သေပြ​နေတာပါပဲ။ အာတီတာအ​နေနဲ့လဲ မန်စီးတီးကို ဦးတည်ယှဥ်ပြိုင်တာထက် ​ဆောက်သမ်ပတန်ပွဲလိုမျိုး ရလဒ်​တွေ ​နောက်ထပ် မကြုံလာ​အောင် လုပ်နိုင်​လေ​လေ ချန်ပီယံဆုနဲ့ နီးစပ်​လေဆိုတာ ကစားသမား​တွေနားထဲ ရိုက်သွင်းဖို့ လိုအပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကံတရားသာ မိမိဖက် ရှိ​နေရင် ဘရန့်ဖို့ဒ်_မန်စီးတီးပွဲလို ရလဒ်မျိုး​တွေက ကိုယ့်အတွက် ​ပေါ်​ပေါက်လာ​နေမှာမို့ ကိုယ့်ဖက်က ​လုပ်နိုင်တာကို ​သေချာ​အောင်လုပ်ဖို့ပဲ အာတီတာနဲ့ အာဆင်နယ်တို့ လိုအပ်ပါ​တော့တယ်။ ရာသီကုန်ချိန်မှာ ဖလား ပိုင်ဆိုင်ရတာက “မစ်ဒယ်ဘ​ရော့သွားဖို့ လို​သေးတယ်” လို့ ​ပြောတဲ့ နည်းပြလား၊ အ​ပြောခံရတဲ့ နည်းပြလားဆိုတာ အာတီတာ သက်​သေပြရပါ​တော့မယ်။

ဤလိုပုံနှင့် မိုးကြီးချုပ်လျင်

၂၀၂၂ ကမ္ဘာ့ဖလားကြီး နီးလာ​လေ​လေ ပရိသတ်​တွေ စိတ်လှုပ်ရှား​လေ​လေ ဖြစ်သလို၊ ပြိုင်ပွဲကြီး ကျင်းပရန်အတွက် ကြိုးစားခဲ့ရ​သော အ​ထွေ​ထွေ အလုပ်သမားများလဲ ဥပ​ဒေပ အနိုင်ကျင့်မှုခံရတဲ့ အသံ​တွေ ပိုမို ထွက်​ပေါ်လာ​လေ​လေ ဖြစ်ပါတယ်။

လူ့အခွင့်​ရေး အကျဥ်းချထား​သော နိုင်ငံ၊ ကျွန်ဇာတ် ပြန်လည် ဖန်တီး​နေ​သော နိုင်ငံအဖြစ် ကာတာနိုင်ငံကို တံဆိပ်ကပ်ကာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပ​ရေး ပြန်လည် သုံးသပ်ရန် ကမ္ဘာအနှံ့ ကျယ်​လောင်စွာ ​ပြောဆို ​ရေးသားကြ​ပေမဲ့ ပြိုင်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းသာ လိုအပ်​နေသည်က​တော့ လက်​တွေ့ဖြစ်​နေပါတယ်။ ပြင်ပတွင် ရှိ​နေ​သော ပရိသတ်များက အသံထွက်ကာ ဆန့်ကျင်လိုလျင် ဆန့်ကျင်နိုင်​နေ​သော်လည်း တကယ်တမ်း ကာတာနိုင်ငံတွင် ရှိ​နေ​သော သူများက​တော့ ငြိမ်ခံ​နေရသည်မှာ ဝမ်းနည်းစရာ ​သိပ်​ကောင်းပါတယ်။ မိမိတို့အား ဥပ​ဒေလွတ် အနိုင်ကျင့်​နေ​သော အလုပ်ပိုင်ရှင်များ၊ အာဏာရှိသူများ အား ပြန်လည် ​ဖြေရှင်းတိုင်ကြားမှုမျိုး လုပ်ခွင့် မရသည်က စဥ်းစားကြည့်မိရင် အ​တော်ခါးသီးလှသည်။ အထူးသဖြင့် ကာတာနိုင်ငံသို့ စားဝတ်​နေ​ရေး အတွက် လာ​ရောက် အလုပ်လုပ်ကြ​သော အ​ခြေခံ အလုပ်သမားများပင်။

ထိုကိစ္စနှင့် ပတ်သက်ပြီး Times မဂ္ဂဇင်းက ကိုယ်တိုင် ကြုံ​တွေ့​နေရ​သော အလုပ်သမားများကို ​မေးမြန်းစုံစမ်းမှု လုပ်ခဲ့သည်ကိုပင် ၎င်းတို့မှာ နာမည်မ​ဖော်ရဲ၊ လူလုံးထွက်မပြရဲ ဖြစ်ရသည်က မည်သို့​သော အခက်အခဲ​ကြောင့် ဖြစ်မည်လဲ မှန်းဆနိုင်သည့် အချက်ဖြစ်ပါတယ်။ နီ​ပေါ နိုင်ငံသား တစ်ဦးဆိုလျင် ၎င်းအ​နေဖြင့် အလုပ်လုပ်သည့် ကာလ တစ်နှစ်ပင် မပြည့်​သေးချိန်တွင် အ​ကြောင်းပြချက် မရှိ အလုပ်ဖြုတ်ကာ ပြန်လွှတ်ခြင်း ခံရသည်ဟု ဆိုသည်။ အ​ကြောင်းမှာ ပြိုင်ပွဲအတွက် ကမ္ဘာအနှံ့မှ ပရိသတ်များ ​လာ​ရောက်​တော့မည်ဖြစ်၍ အ​လုပ်သမားများအား ပြန်လွှတ်ခြင်း ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ရှင်းပြပါတယ်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကျင်းပမည့် ကွင်းကို တည်​ဆောက်လုပ်ကိုင်ရာတွင် ပါဝင်​သော အဆိုပါ ပုဂ္ဂိုလ်က “ကျ​နော့အလုပ်ကို ဘာအ​ကြောင်းပြချက်မှ မရှိပဲ ဖြုတ်တာဗျ။ အင်ဂျင်နီယာက ကျွန်​တော့်ကို​ပြော​တော့ ယုံကို မယုံနိုင်ဘူး။ ကျွန်​တော် အလုပ်ရတာဖြင့် ၁၁လ​တောင် မပြည့်​သေးဘူး​လေ။ အခု​တော့ ဒုက္ခ ​ရောက်ပြီ​ပေါ့။” ဟု အ​ခြေအ​နေကို ​ပြောပြပါတယ်။

ထို့အပြင် ၎င်းအ​နေနဲ့ ယခုအလုပ်ရရန် နီ​ပေါ​ငွေ ၁၇၅၀၀၀ ​အထိ ​ချေးငှား ရင်းနှီးထားရ​ပေမဲ့၊ ယခုလို အလုပ်ပြုတ်ခြင်း​ကြောင့် အ​ကြွေး​ငွေ ၅​သောင်းအထိ ကျန်​နေ​သေးဦးမည်ဖြစ်ပြီး ပိုဆိုးသည်က ​ချေး​ငွေအတွက် အတိုးနှုန်းမှာ ၃၀ရာခိုင်နှုန်း ဖြစ်​နေခြင်းပင်။ “ဒီအလုပ်ပြုတ်တာ မိသားစုအတွက် ပိုဆိုးသွားတယ်။ အိမ်မှာ အမျိုးသမီးနဲ့ သားတစ်ယောက်နဲ့ ကျန်တယ်။ မိဘကိုလဲ ​စောင့်​ရှောက်ထားရ​သေးတယ်။ စားစရာကို ခက်ခဲ​နေတာ။ မိဘ​တွေအတွက် ​ဆေးဝါးအတွက်ဆို ပိုဆိုးပြီ​ပေါ့။ ဘာနဲ့ သွားဝယ်ရမလဲဗျာ။” ဟု ၎င်း၏ အိမ်ပြန်ခရီးကို ငြီးငြူလိုက်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကျင်းပနိုင်ရန် အ​ခြေခံ အ​ဆောက်အဦများ မြိုင်မြိုင်ဆိုင်ဆိုင် တည်​ဆောက်​နေကတည်းက သန်းချီ​သော အလုပ်သမားများ​ပေါ် အလုပ်သမား အခွင့်အ​ရေးများ ချိုး​ဖောက်ကျူးလွန်သလို၊ အင်အားသုံး ခိုင်း​စေမှုများပင် ရှိသည့်အပြင် လူဦး​ရေ ၁၅၀၀၀ ​လောက် အသက်ဆုံးရှုံးရသည် ဖြစ်၍ ကာတာကို သပိတ်​မှောက်မှုများ ရှိခဲ့သည်။ သို့​သော်လည်း အာဏာရှိ ပုဂ္ဂိုလ်များ၏ အလွဲသုံးစား လုပ်မှုများ​၊ လာဘ်​ပေး လာဘ်ယူမှုများကြောင့် ပြိုင်ပွဲ ဖြစ်​မြောက်ခဲ့သည်မှာ လာမည့် [၁၀]ရက်​အကြာတွင်ပင် စတင်​တော့မည် ဖြစ်သည်။

အလုပ်သမားများအ​ပေါ် ဥပ​ဒေမဲ့ ကျူးလွန်မှုများအတွက် ကမ္ဘာ့အလုပ်သမား အစည်းအရုံးကိုယ်တိုင် ကြားဝင်ခဲ့​သော်လဲ စာရွက်​ပေါ်က ကတိကဝတ် စာချုပ် ဥပ​ဒေများဖြင့်သာ ​ကျေနပ်ခဲ့ရသည်။ ၎င်းတို့ထဲတွင် ကီဖာလာ စနစ်ဟူ​သော အလုပ်သမားများကို ကာကွယ်သည့် အစီအစဥ်တစ်ခုအ​နေနှင့် တက်ကြွလှုပ်ရှားသူများနှင့် ကာတာနိုင်ငံ နှစ်ဦး နှစ်ဖက် သ​ဘောတူ စာချုပ်​ရေးထိုးထား​သော်လဲ စာရွက်​ပေါ်တွင်သာ ရှိ​နေခဲ့ရသည်။ အဆိုပါ စနစ်အရ အလုပ်သမားများအ​နေနှင့် မိမိတို့၏ နိုင်ငံကူးစာအုပ်များကို ထိန်းချုပ်ပိုင်ခွင့်၊ အလုပ်ဝင်/ထွက် ခွင့်များအား ထိန်းချုပ်နိုင်ခွင့် ရှိရမည်ဟု ​ပြော​သော်လဲ လက်​တွေ့ ဖြစ်မလာခဲ့​​ချေ။

နီ​​ပေါလ်နိုင်ငံသားကဲ့သို့ပင် အနှင်ထုတ်ခံရ​သော ​နောက်ထပ် တစ်ဦးက “အလုပ်လုပ်တာ ၁၁ လပဲ ရှိ​သေးတာကို ဖြုတ်တာဗျ။ ပတ်စပို့စာအုပ်လဲ သိမ်းထားတယ်။ ဗီဇာ​တွေကိုလဲ ရုတ်သိမ်းပစ်တယ်။ ဒီ​တော့ ဘာလုပ်လို့ ရ​တော့မှာလဲ။” ဟု ဖွင့်ဟ ​ပြောဆိုသည်။ သ​ဘောတူညီထား​သော ဥပ​ဒေ အရ အ​ခြေခံ အလုပ်သမား တစ်ဦးအ​နေနှင့် အနိမ့်ဆုံး လစာ​ငွေ ကာတာ​ငွေသား ၁၀၀၀ ​ရရှိရမည်ဟု သတ်မှတ်ထား​သော်လဲ မရရှိခြင်းများ၊ မျှတ​သော အလုပ်ထုတ်ခြင်းမျိုးနှင့် အလုပ်ထုတ်ခဲ့လျင်ပင် သတင်းပတ် သုံးပတ်စာနှင့် ညီမျှ​သော လစာ​ငွေ ​ပေး​ဆောင်ရမည့် ဥပ​ဒေအကျိုးကို မခံစားရခြင်းများအား အလုပ်သမား သန်းချီ၍ ခံစားကြုံ​တွေ့ ​နေရခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ကာတာ အာဏာပိုင်များမှ နစ်နာခဲ့​သော အလုပ်သမားများအတွက် ​ပေါင်သန်း ၃၂၀ခန့် သုံးပြထား​သော်လဲ ၎င်းမှာ ဆင့်ပါးစပ် နှမ်းပက်ရုံ​လောက် ပမာဏဖြစ်​နေတယ်လို့ စစ်တမ်း​တွေက သုံးသပ်ထားပါတယ်။ သို့​သော်လည်း အာဏာပိုင်များက မိမိတို့၏ ​ဖြေရှင်းမှုမှာ မပြီးဆုံး​သေး​ကြောင်း ကမ္ဘာ့ဖလား ပြိုင်ပွဲအလွန် အချိန်ကာလ အ​တော်ကြာထိ ​ဖြေရှင်း​​ပေးရမည့် ပြဿနာဖြစ်၍ အချိန်ယူရမည်ဟု ​ပြောဆိုထားပါတယ်။

အထက်ပါ ကိစ္စအား နီ​ပေါလ်နိုင်ငံသားကို ​ပြောချိန်တွင် “သူတို့က ကျွန်​တော် ထပ်​လျှောက်ထားတဲ့ ဗီဇာကို​တောင် ပယ်ချထားတာဗျ။ ပက်စပို့​တောင် အိမ်ပြန်မယ်ဆိုမှ ထုတ်​ပေးထားတာ။ သူတို့ ပြန်ပြီး ​ငွေအမ်းတာမျိုး၊ အလုပ်ပြန်​ခေါ်တာမျိုးက ဘယ်​တော့လဲ။ ကျွန်​တော် ​စောင့်​နေလို့မရဘူး။ အလုပ်လို​နေတယ်။ ​ငွေလဲ လို​နေတယ်။” ဟု နာနာကျည်းကျည်း မှတ်ချက်ပြုသည်။ ကာတာနိုင်ငံသို့ ​မျှော်လင့်ချက် များစွာဖြင့် အလုပ်သွား​ရောက် လုပ်ကိုင်ပြီး အ​ကြွေးနွံနစ်​နေသည်မှာ သူတစ်ဦးတည်း မဟုတ်။ အိန္ဒိယနယ်​မြေ တဝိုက်နှင့် ဖစ်လစ်ပိုင်နိုင်ငံမှ လူ​ပေါင်းများစွာ ကြုံ​တွေ့​နေရသည့် ကိစ္စဖြစ်​ကြောင်းကိုလဲ Times  က ​ဖော်ပြထားပါတယ်။ အ​ကြွေးနွံထဲက ရုန်းထွက်ရန် ကြိုးစား​နေတဲ့ နီ​ပေါလ်နိုင်ငံသားက​တော့ သူ့အ​နေနဲ့ မ​လေးရှားသို့ သွား​ရောက် အလုပ်လုပ်ကိုင်ဖို့ စီစဥ်​နေရ​ကြောင်း၊ ပြဿနာမှာ ထိုနိုင်ငံသို့ သွားရန် ​ဝန်​ဆောင်မှု ​အေးဂျင့်​ကြေးမှာ ကာတာခရီးထက်ပင် များပြား​နေ​သေးသည်ဟု ဆိုကာ သက်ပြင်းရှည် ချလိုက်ပါတယ်။

အာဏာရှင်များ အရင်းရှင်များရဲ့ ဥပ​ဒေမဲ့ ပြုကျင့်မှု၊ အနိုင်ကျင့်မှုများ ခံ​နေရ​သော်လဲ မိမိအိမ်သို့ ​ရောက်​နေချိန်ထိ လူလုံး ထွက်ပြ မ​ဖြေရှင်းရဲရရှာတဲ့ ဘဝ​တွေဟာ အင်မတန် ခက်ခဲကြမ်းတမ်းလှ​ကြောင်း ​ပြောပြ​နေစရာ လိုမည် မထင်ပါ။ တကယ်လို့များ သူတို့ဆီက ​လျော်​ကြေး ရခဲ့ရင်၊ တကယ်လို့များ အလုပ်ပြန်​ခေါ်ရင် ဆိုတဲ့ အနာဂတ်​မျှော်လင့်ချက်​လေး​တွေ​ကြောင့် အ​နှောက်အယှက်ဖြစ်မှာ စိုးရ​သေးတယ်မလား။ ဒီ​တော့ စိတ်နှင့်ခန္တာ​ပေါ်က အမာရွတ်​​လေးတွေကို ကိုင်ကြည့်ရင်း အာခံလိုစိတ် မြိုသိပ်ပြီး ရုန်းကန်ကြရတာ ဓမ္မတာပါပဲ။ ကိုယ်တိုင်ကြုံမှ ခက်ခဲမှန်းသိပြီး အကူအညီ​တောင်းကြ၊ မျက်ကွယ်က ဘယ်လို​တွေပဲ ကူညီပါ တစာစာ​အော်​နေလဲ အဖတ်လုပ်ရ​ကောင်းမှန်းမသိကြတဲ့ လူ့သဘာဝ​ကြောင့် ကျွန်​တော်တို့​တွေကိုယ်တိုင်လဲ ဒီ ကမ္ဘာ့ဖလားကို ကြည့်ကြဦးမှာဆို​တော့ကား “ဤလိုပုံနှင့် မိုးကြီးချုပ်လျင်” ​ပေါ့။

ဘယ်ဟာက အမှန်တရားလဲ?

■ငယ်ငယ်တုန်းက ​ကျေးညီ​နောင်ပုံပြင်ကို အားလုံး ကျက်မှတ်ဖူး၊ ​လေ့လာဖူးကြပါလိမ့်မယ်။ ခိုးသား​တွေဆီ​ရောက်သွားတဲ့ ​ကျေးက သူခိုးအား​ပေး ​ကျေးမိုက်ဖြစ်၊ ရ​သေ့ဆီ​ရောက်သွားတဲ့ ​ကျေးက  လိမ္မာယဥ်​ကျေးတဲ့ ​ကျေး​လေးဖြစ်သွားတဲ့ ပုံပြင်ပါ။ အဲ့ဒီ ပုံပြင်ကို အသက်ငယ်ငယ်က အ​တော်​လေးကို သ​ဘောမကျခဲ့တာ။ သ​ဘောမကျတာထက် မုန်းသည်အထိ ဖြစ်ခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အ​ကြောင်းက၊ အဲဒီအချိန်မှာ ​တော်​တော်​လေး ​ငွေ​​ကြေးဆင်းရဲခဲ့လို့ ငါလဲ ဆင်းရဲသား သားသမီးဆို​တော့ ဆင်းရဲ​မွဲ​တေမှာ​ပေါ့ဆိုပြီး ​ကျေးညီ​နောင်ဖတ်စာကို အလကားသက်သက် မုန်း​နေခဲ့တာမျိုး။ အဆဲသန်တဲ့ မိဘရဲ့ သားသမီးဆို မင်းလဲဆဲမှာပဲ၊ အရက်သမား သားသမီးကျ အရက်သမားဖြစ်မှာပဲ ဆိုပြီး အချင်းချင်း စကားနိုင်လု​ပြောကြတာလဲ ခုထိ မှတ်မိ​တုန်း။ ဖတ်စာရဲ့ သ​ဘောက​တော့ လူဆိုတာ ပတ်ဝန်းကျင်ကိုလိုက်ပြီး ​ပြောင်းလဲတတ်တယ်၊ ဒီ​တော့ ပတ်ဝန်းကျင်​ကောင်း တစ်ခုမှာ ကျင်လည်နိုင်​အောင် ကြိုးစားဖို့ဆိုပြီး ရည်ရွယ်ခဲ့တယ် ထင်ပါတယ်။ အဲဒီထက်လဲ ပိုချင်ပိုမှာ​ပေါ့။ ဒါ​ပေမဲ့ က​လေး​တွေ ဘယ်သိမလဲ။ ကိုယ်​မွေးထုတ်ခံလိုက်ရတဲ့ ပတ်ဝန်းကျင်ကို မူလတန်းအရွယ် က​လေးက ​ပြောင်းလို့မှမရတာ။ ဒါ​ပေမယ့် ဆိုးကျိုးက​တော့ ရှိခဲ့တယ်။ သားသတ်သမားရဲ့ သားမှာ သူငယ်ချင်း မရှိ​တော့ဘူး။ ငရဲသားရဲ့ သားကို ဘယ်သူ​ပေါင်းဝံ့မလဲ။ ​ကျေးညီ​နောင် သာဓက ရှိတယ်​မဟုတ်လား။ သွား​ပေါင်းလိုက်မှ “နွားကြီးတစ်​ကောင်​​ဟေ့ ဝိုင်းသတ်ကြ။ ဝိုင်းခုတ်ကြ။” လို့ ​ကျေးညီ​လေးပုံစံ ​​သစ်ကိုင်း​ပေါ်က​ အော်​နေရရင် အဖြစ်ဆိုးရ​ချေရဲ့​ပေါ့။ ပိုက်ဆံရှိတဲ့သူဆို ဖားရမယ်၊ ရာထူးကြီးတဲ့သူဆို ​အောက်ကြို့ရမယ်ဆိုတဲ့ ကျွန်​တော်တို့အများစုရဲ့ mindset​တွေ က၊ နှလုံးသား နုနု​ပေါ်က ဖျက်မရ​တော့တဲ့ ​ကျေးညီ​နောင်​တွေများလားလို့ ​တွေးမိပါတယ်။

■ကျေးညီနောင်လိုပဲ ကျွန်တော်တို့မှာ ပတ်ဝန်းကျင်က ပုံစံသွင်းပေးလိုက်တဲ့ အမြင်ပုံစံကွက်လေးတွေ သေချာပေါက်ရှိတာတော့ အားလုံးသိကြမှာပါ။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မိဘ နှစ်ပါးဆီကနေ မွေးဖွားလာရင် ဗုဒ္ဓဘာသာ ဖြစ်ဖို့ သေချာသလောက်ရှိပြီ။ ဒီလိုပဲ အခြားဘာသာကိုးကွယ်သူတွေဆီကနေ ဆင်းသက်လာရင် အဲဒီဘာသာဝင် ဖြစ်ဖို့ရာ သေချာသလောက်ပဲ။ ဒီအဖြစ်အပျက်အရ ပတ်ဝန်းကျင်ကနေ လူတစ်ဦးတစ်ယောက်အပေါ် ဘယ်လောက် လွှမ်းမိုးနိုင်စေသလဲဆိုတာ သက်သေပြပေးနိုင်ပါတယ်။ ဘာသာတရားကိုးကွယ်မှုလို အင်မတန် ကြီးမား ကျယ်ပြန့်တဲ့၊ နက်ရှိုင်းသိမ်မွေ့တဲ့ ကိစ္စကိုတောင် မိမိကိုယ်တိုင် မဟုတ်တဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုက ဒီလောက် ဩဇာကြီးတယ်ဆိုရင် ကျန်တဲ့အရာတွေဆို ထူးပြောစရာ လိုမယ် မထင်ပါဘူး။ ပြောရရင် ကျွန်တော်တို့တွေဟာ သဘာဝရဲ့ ထုတ်ကုန်တစ်ခုမဟုတ်ပဲ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ ကိုယ်စားပြု ပုံရိပ်တစ်ခု ဖြစ်နေတာပါ။ တိုက်ရိုက်ထပ်တူ မဖြစ်နေဘူးဆိုရင်တောင် လွှမ်းမိုးမှု တစ်ခုကတော့ ရှိနေမှာပါပဲ။ [အဲ့တာကြောင့်လဲ အမြော်အမြင်ရှိသူတွေတိုင်းက စာဖတ်ပါ၊ စာဖတ်ကြပါ လို့ တဖွဖွမှာကြတာ ဖြစ်ပါလိမ့်မယ်။]

■လူသား ဖြစ်တည်လာရင် လူတွေနဲ့ပဲ နေထိုင်ရတာမို့ လူ့ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်ရတာပဲ။ အဲဒီသဘောအရ အဲ့ဒီပတ်ဝန်းကျင်က မွေးထုတ်ပေးလိုက်တဲ့ အမြင်တွေ၊ အယူအဆတွေ၊ သဘောတရားတွေ သူ့ဆီမှာ သက်ရောက်မယ်။ အဲ့ဒီကနေပြီး တစ်ဦးနဲ့ တစ်ဦး ကွဲလွဲတဲ့ အမြင်တွေ ပေါ်လာတယ်။ ထူးဆန်းတာက လူပုဂ္ဂိုလ်တွေဟာ ကိုယ့်အမြင်၊ ကိုယ့်အယူအဆ၊ ကိုယ့်ကိုးကွယ်မှုတစ်ခုခုနဲ့ သဘောတရား မတိုက်ဆိုင်တဲ့ အရာကို ရင်ဆိုင်ရရင် နှိုင်းယှဥ်တိုင်းတာတာမျိုး လုပ်လေ့ မရှိကြတော့ပဲ ကိုယ်ကမှ အမှန်၊ တစ်ဖက်က အမှားဆိုတာမျိုး လွယ်လင့်တကူ ဆုံးဖြတ်တတ်ကြတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ တစ်ခုခုကို တွေ့လိုက်ရရင်လည်း သိပ်မှန်တာပဲ၊ သိပ်သဘောကျတာပဲ ဖြစ်တတ်ကြတာချည်း။ ဒါတွေဟာ လူ့ရဲ့ သိစိတ်ကနေ သိသိကြီးနဲ့ လုပ်လိုက်တာမဟုတ်ပဲ၊ မသိစိတ်က ဦးနှောက်ရဲ့ ခိုင်းစေချက်အရ အလိုအလျောက် လုပ်လိုက်တာလို့ စိတ်ပညာရှင်တွေကတော့ ဆိုတာပါပဲ။ ဥပမာ ညမှောင်မှောင် သစ်ပင်အုပ်အုပ်ကြီးအောက်ကနေ ဖြတ်သွားရတယ် ဆိုပါစို့။ ခင်ဗျားအနေနဲ့ ကျောတွေ ဘာတွေ ချမ်းလာပြီး၊ တစ်ခါတစ်လေ တကိုယ်လုံး တုန်တက်သွားတာမျိုးတောင် ဖြစ်ချင် ဖြစ်နိုင်ပါသေးတယ်။ ခင်ဗျားက သိစိတ်ကနေ ကြောက်လိုက်တာလို့ တွေးပြီး ဖြစ်သွားတာမဟုတ်ပဲ အလိုအလျောက်ဖြစ်သွားတာမျိုးပါ။ ပြောရရင် ခင်ဗျားရှင်သန်လာတဲ့ အတွေ့အကြုံအရ ဒါဟာကြောက်စရာအခြေအနေ ကျောချမ်းစရာကိစ္စလို့ သိပြီးဖြစ်တယ်။ အဲ့တာကိုမှ တကယ်ကြုံတွေ့လာချိန် ဦးနှောက်ကနေ မသိစိတ်ကို မင်းကြောက်လို့ရပြီ၊ ကျောချမ်းလို့ရပြီဆိုပြီး ခိုင်းလိုက်တဲ့ သဘောပါပဲ။ [သဘောတရားပါ။ အတိအကျတော့ မဟုတ်။]

■ဒီကိစ္စကို ဘာနဲ့ သက်​သေပြရမလဲ ဆိုရင် သရဲဆိုတဲ့ အ​ကြောင်းမသိ​သေးတဲ့ ၃၊ ၄ နှစ်အရွယ် က​လေးနဲ့ သူ့မိခင်ကို အဲ့ဒီ သစ်ပင်​အောက် အတူ သွားခိုင်းကြည့်ပါ။ ​ကျောချမ်းပြီးတုန်​နေတဲ့သူဟာ မ​အေပဲ ဖြစ်နိုင်ပြီး၊ ကလေးက ဘယ့်နှယ့်မှ ​နေမှာ မဟုတ်ပါဘူး။ ​​ပြောချင်တာက ကျင်လည်​နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်က ​ကြောက်စရာလန့်စရာလို့ သင်​ပေးထားတာ​ကြောင့်၊ သစ်ပင်အုပ်အုပ်​အောက်မှာ အလကားသက်သက် ကျွန်​တော်တို့ ​ကြောက်လန့်နိုင်​နေပါတယ်။ ဒါဟာ သိပ်​ကြောက်စရာ ​ကောင်းတယ်လို့ တစ်ဦးဦးက ​​ထောက်ခဲခဲ့ရင် ကျွန်​တော်တို့က “သိပ်မှန်တာ​ပေါ့ကွာ တကယ်ကြီး ​​ကျောပါချမ်းတယ်ကွ” ​လို့ ပြန်​ဖြေဖို့ ဝန်မ​လေးပါဘူး။ ဒါ​ပေမဲ့ ဘာ​ကြောက်စရာ ရှိသလဲ လာ​ငေါ့သူရှိလာရင်​တော့ “မင်းသွားရဲလား။ ​လောင်းမလား။ အဲဒီအပင်​အောက်​နော်။ လကွယ်ည​နော်။” စသဖြင့် အထိမခံ ပြန်ပက်ကြပါတယ်။ လူ​တွေဟာ အ​ခြေအ​နေ တစ်ခုခုကို ကြုံရရင် ဘာလုပ်မလဲဆိုတဲ့ အ​ဖြေတစ်ခု ရှိ​နေတတ်ပြန်ပါတယ်။ အယူအဆတူသူ​တွေကို သ​ဘောတကျရှိတတ်​ပေမယ့်၊ ယုံကြည်ထားတဲ့ အရာနဲ့ ကွဲလွဲတဲ့ အရာ​တွေကို​တော့ အလွယ်တကူ ငြင်းပယ်တတ်ပြန်​ရော။

■အဲ့ဒီလို တစ်ခုခုအ​ပေါ် တိမ်းညွှတ်ပြီး ဆုံးဖြတ်တတ်တဲ့ ကိစ္စကို Biasဖြစ်တယ်လို့ ကျွန်​တော်တို့ ​ပြော​​လေ့ရှိပါတယ်။ ဘက်လိုက်တယ်လို့ မြန်မာလို ​ပြောလို့ ရမယ်ထင်ပါတယ်။ Bias ဖြစ်တယ် ဆိုတဲ့ ကိစ္စမှာကို သိသိသာသာကြီး ​ဗြောင်ကျကျ Bias ဖြစ်တာ​တွေရှိသလို၊ ကိုယ်ကကို မသိလိုက်ပဲနဲ့ ဖြစ်တာ​တွေလဲ ရှိပါတယ်။ ဥပမာ ကျွန်​တော်က မြန်မာပြည်က ​အောင်သူဟာ မက်ဆီထက် ​ဘောလုံးကစားတာ ​တော်တယ် ဆိုတာမျိုး ​ပြောလာရင် ဒါဟာ သိသိသာသာ Bias ဖြစ်တယ်​ပေါ့။ ဒါမျိုးကိစ္စက ကြားလိုက်တဲ့သူတိုင်း သိသလို၊ ကိုယ်တိုင် တကယ်ယုံ​နေတယ် ဆိုရင်​တောင် ဘက်လိုက်​ပြောမိတာ ကျွန်​တော်ကိုယ်တိုင်လည်း သိ​နေတဲ့ ကိစ္စ။ ​အဲဒါက ပြဿနာ သိပ်မရှိလှပါဘူး။ တကယ် ပြဿနာ ရှိတာက အ​​ပေါ်က​ပြောခဲ့သလို ဘာမဟုတ်တဲ့ သစ်ပင်အုပ်အုပ်ကြီးကို သွား​ကြောက်​နေရတဲ့ ကိစ္စလို ကိုယ်ကိုယ်တိုင်လည်း မသိ၊ ပတ်ဝန်းကျင်ကလည်း မသိလိုက်တဲ့ Bias အ​တွေး​တွေ၊ အကျင့်​တွေ၊ အယူအဆ​တွေ စသဖြင့် အများကြီးပါပဲ။ ​​ဒါကို ဘောလုံးအ​ကြောင်း ​ပေ့ချ်ဆို​တော့ ​ဘောလုံးအ​ကြောင်း​လေးနဲ့  ​ပြောကြည့်ကြရ​အောင်။

■ပြိုင်ဘက် ကစားသမားကို ဥပ​ဒေပ ဖျက်ထုတ်လိုက်ပြီး ပြိုင်ဘက် ကျိုးသွားလို့၊ အနီကတ် အ​ပေးခံလိုက်ရရင်​တောင် ငါ့​ကောင်က နာ​အောင် ရည်ရွယ်တာ​ မဟုတ်ဘူး ​ပြောကြတာမျိုး ​တွေ့ဖူးကြတယ် မဟုတ်လား။ ဘယ်လိုမှ ငြင်းမရရင် ဟန်ချက်လွဲသွားတာ၊ အငြင်းပွားဖွယ်ရာ ရှိရင် ပြိုင်ဘက်ကကို သိသိကြီး ​ခြေထိုးခံတာ စသဖြင့်​ပေါ့။ များ​သောအားဖြင့် အဲ့ဒီလို တကယ်ကို ​တွေးကြပါတယ်။ တချို့က မှား​နေတာကို မှန်တယ်​ပြောပြီး ဗြောင်ကို ဘက်လိုက် စကားနိုင် လုတာ​တွေ ရှိ​ပေမယ့်၊ အများစုက တကယ်ကို ယုံကြည်ကြတယ်ဆိုတာ ခင်ဗျားတို့ ကျွန်​တော်တို့ အမြဲ ကြုံကြရပါတယ်။ သိသိကြီးနဲ့ ငါ့အသင်းမို့ ဘက်လိုက်ပြီး ​ပြောတယ်ဆိုတာတွေဟာ ထူးဆန်းစရာ မဟုတ်​ပေမဲ့၊ ဘဝကြီးတစ်ခုလို နှစ်နှစ်ကာကာယုံပြီး ကိုးကွယ်ယုံကြည်မှုတစ်ခုလို ငါ့အသင်းနဲ့ ငါ့အသင်းကစားသမား​တွေ အမြဲမှန်လို့ ကိုယ့်စိတ်က အယုံမိသွားတဲ့အခါကျ​တော့၊ ယုတ်မာရိုင်းစိုင်းတဲ့​အပြင် မိဘ​​ဆွေမျိုး​တွေပါ ထိခိုက်​လောက်တဲ့ ဆဲဆိုမှု​တွေပါ လုပ်​နေကြတာ လူမှုကွန်ယက်​တွေအ​ပေါ် အမြဲ​တွေ့နိုင်ပါတယ်။ ဒါ​တွေဟာ ဘာမှ မဟုတ်ဘူးဆိုရင်​တောင် ​ဘောလုံးပွဲ​တွေ​ကြောင့် ခိုက်ရန်ဖြစ်ပွားပြီး အသက်​တွေ ဆုံးရှုံး၊ ဘဝ​တွေ ပျက်ကြတဲ့ သာဓက​တွေဟာလည်း မနည်းမ​နောပါပဲ။ ​ထားပါ​တော့။

■​ဘောလုံးအသင်း​တွေ ​ခြေစွမ်း​ကောင်းတာ မ​​ကောင်းတာ၊ ကစားသမား​တွေ ​ခြေစွမ်းပြနိုင် မပြနိုင်တာ​တွေက​ရော အဲ့ဒီလို Bias ဖြစ်​နေတဲ့ သ​ဘောတရား​တွေ​ကြောင့်လို့ ဆိုလို့ရပါတယ်။ ပညာရှင်​တွေရဲ့ အဆိုအရ လူတစ်​ယောက် တစ်ခုခုကို လုပ်မယ်ဆိုရင် ဦး​နှောက်က ​ဘာ​တွေကို ကြည့်ရ၊ ​​မျှော်လင့်ရမလဲဆိုတဲ့ ​အ​ခြေအ​နေတစ်ခု ဖန်တီး​ပေးပြီး ကိုယ်လက်ရှိ ကြုံ​တွေ့​နေရတဲ့ အ​ခြေအ​နေနဲ့ တိုင်းတာပါတယ်တဲ့။ ဖန်တီးလိုက်တဲ့ အ​ခြေအ​နေနဲ့၊ ဖြစ်​နေတဲ့ အ​ခြေအ​နေ တူ​နေရင်​တော့ အ​ခြေအ​နေ​ကောင်းတယ် ဆိုရမှာပါပဲ။ မှန်ကန်တဲ့ အလုပ်ကို လုပ်နိုင်တဲ့ အ​ခြေအ​နေရပြီလို့ ​ပြောနိုင်​နေပြီ မဟုတ်လား။ ဥပမာ ခင်ဗျားက ဘရူနို ဖာနန်ဒက်စ် ဆိုပါစို့။ ​ကောင်တာတိုက်စစ်ဆင်ဖို့ ​​ကွင်းလယ်​စည်းနားမှာ ရှိ​နေတယ်။ အဲ့ဒီအ​ခြေအ​နေမှာ ​ဘောလုံးရလာရင် ဘာလုပ်မလဲ စဥ်းစားကြည့်ပါ။ လူအများစုက သူလုပ်​နေကြဖြစ်တဲ့ ရက်ချ်ဖို့ဒ် ​ပြေးလမ်းထဲ တင်​ပေးပါမယ်လို့ ​ဖြေပါလိမ့်မယ်။ ဘရူနိုလဲ အဲ့ဒီလိုပဲ ​တွေးမှာပါပဲ။ သူ​ဘောလုံးရတာနဲ့ သူ့ဦး​နှောက်က ရက်ချ်ဖို့ဒ် ​ပြေး​နေရင် ​​ပြေးလမ်းထဲ ချ​ပေးလိုက်လို့ ခိုင်းမှာပါ။ ရက်ချ်ဖို့ဒ် ​ပြေး​နေတာကို ​တွေ့ရင်​တော့ ဘရူနိုအတွက် သိပ်အဆင်​ပြေတဲ့ အ​ခြေအ​နေ ဖြစ်​သွားပါပြီ။ တကယ်လို့ ရက်ချ်ဖို့ဒ်က ​ပြေးမ​နေခဲ့ရင်ရော။

■လူပုဂ္ဂိုလ်တစ်ဦး တစ်ခုခုလုပ်​တော့မယ် ဆိုတာနဲ့ ဦး​နှောက်က ​မျှော်လင့်နိုင်မဲ့ အ​ခြေအ​နေကို ဖန်တီး​ပေးပြီး၊ လက်​တွေ့အ​ခြေအ​နေနဲ့ နှိုင်းယှဥ် ဆုံးဖြတ်​တဲ့အခါတိုင်း အ​ခြေအ​နေနှစ်ခု အမြဲ တူညီ​​နေရင် အရာရာ အဆင်​ပြေပါတယ်။ ဒါဆိုရင် ​အေးတယ်ထင်လို့ ​သောက်မိလိုက်တဲ့ ​ကော်ဖီ​တွေ၊ မြတ်မယ်ယုံပြီး ​အောမိလိုက်တဲ့ အရင်း​တွေ၊ ရမယ်ထင်ပြီး ​ချေးမိလိုက်တဲ့ အ​ကြွေး​တွေ ဘယ်ရှိ​တော့မလဲ။ ဒါ ခဏထား။ ဘရူနိုနေရာကကြည့်ရင် ရက်ချ်ဖို့ဒ် ​​ပြေးလမ်း​ကြောင်းကို ​မျှော်လင့်တဲ့ ဦး​နှောက်​ကြောင့် ကြည့်မိလိုက်​ပေမဲ့၊ ​ပြေးမ​နေတာကို ​တွေ့တဲ့အခါ ပြာသွားမှာပါပဲ။ ​ပြောရရင် ဦး​နှောက်က သူမှားလို့ ရှက်သွားတယ်​ပြောရမလား၊ ​ရှော့ခ် ရသွားတယ်​ပေါ့။ ဒါ​ပေမဲ့ အာဂဦး​နှောက်က ရက်ချ်ဖို့ဒ် ​ပြေးမ​နေလို့ဆိုပြီး အခြား​နေရာကိုကြည့် ဘာကိုလုပ်လို့​ပြော​လောက်သည် အထိ​ အမှားဝန်ခံတာမျိုး​တော့ မလုပ်ပါဘူး။ သူက သူထုတ်​ပေးလိုက်တဲ့ နမူနာပုံစံနဲ့ ကိုက်တဲ့အ​ခြေအ​နေမျိုး ဘာလို့ မဖြစ်​နေတာလဲ ပြန်ဆန်းစစ်ပါတယ်။ ဖြစ်လာ​အောင်လဲ ခဏ ​စောင့်ကြည့်ပါ​​သေးတယ်။ ဘယ်လိုမှ ဖြစ်မလာနိုင်​တော့ဘူး ဆိုမှ ​နောက်ထပ် အ​ခြေအ​နေတစ်ခုကို ဖန်တီးဘို့ ဦး​နှောက်ကို ခိုင်း​စေလို့ရပြီး၊ သူက ဖန်တီးဖို့ ကြိုးစားပါတယ်။ ဒါ​တွေအားလုံးဟာ ဖျတ်ကနဲ အ​ခြေအ​နေ​လေးမှာ ဖြစ်သွားတာပါ။ [၇၂နာရီ ဂျင်းဆိုတာ အဲ့တာမျိုး​ပေါ့။ ပုံမှန်ဖြစ်သွားနိုင်တယ်ဆိုတဲ့ ကျွန်​တော်တို့ရဲ့ Bias ဖြစ်​နေတဲ့ အ​ယူအဆကို အသုံးချသွားတာ။ ]

■စစ်တမ်း​တွေအရ ပရီးမီးယားလိဂ် ပြိုင်ပွဲ​တွေမှာ ကစားသမား တစ်​ယောက် ဘောလုံးပေးဖို့ရာ ပျမ်းမျှ ၂စက္ကန့်​လျော့​လျော့သာ အချိန်ရပါသတဲ့။ ​ပြောရရင် ပျမ်းမျှ ၂စက္ကန့်တိုင်း ​ကိုယ့်​ခြေထဲက ​ဘောလုံးကို ​ပေးဖို့ ကြိုးစားရ​တော့တာပဲ။ ဒါ့​ကြောင့် ကစားသမား​တွေဟာ ကိုယ် ​ဘောလုံး ဘယ်ကို​ပေးမလဲ အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်​အောင် ​တွေး​တောဆင်ခြင်နိုင်မှ ​တော်ကာရုံကျပါတယ်။ ဘရူနိုလို၊ ဒီဘရူနီလို၊ အာနိုးလို စသဖြင့် ကိုယ်​ပေးလိုက်တဲ့ ​ဘောလုံးက ဂိုးသွင်းခွင့်ရဖို့ ဦးတည်တဲ့ ကစားသမား​တွေဆို ပိုဆိုးပါလိမ့်မယ်။ သူတို့ဟာ အသင်း​ဖော်ဆီကို ​ဘောလုံးလွတ်​အောင် ​ပေးရတဲ့ အဆင့်မဟုတ်ပဲ၊ ကိုယ်​ပေးလိုက်တဲ့ ​ဘောလုံးဟာ ဂိုးသွင်းခွင့် ဖြစ်​စေဖို့ပါ ထည့်တွက်ရ​တော့ အချိန်ပိုယူရပါတယ်။ ဒီ့အပြင် ပြိုင်ဘက်ရဲ့ အားပြုပိတ်ဆို့တဲ့ ဒဏ်ကို အခံရဆုံးပါဖြစ်​တော့ ​ဘောလုံးကိုင်ခွင့်ရတဲ့ အချိန်က ပိုနည်းပါ​​သေးတယ်။ အချိန်တိုတို​လေးအတွင်းမှာ ထိ​ရောက်တိကျတဲ့ ​ဂိုးဖန်တီးခွင့်လုပ်ဖို့ သူတို့ ကြိုးစားရပါတယ်။​ ပြောရရင် ဦး​နှောက်ကို အလုပ်မြန်မြန် လုပ်နိုင်ဖို့ ခိုင်းနိုင်တဲ့ စွမ်းရည် ရှိရပါတယ်။ မဟုတ်ရင် ပြိုင်ဘက်​တွေက လူပိုကပ်ကစား​လေ၊ သူတို့ ရုန်းကန်ရ​လေ ​ခြေစွမ်းမပြနိုင်​လေ ဖြစ်ပြီး အရန်ဖြစ်သွားကြမှာပါ။ အဲ့တာ​ကြောင့် Game intelligence မ​ကောင်းတဲ့၊ ဒါမှမဟုတ် နည်းတဲ့ ကစားသမား​တွေဟာ one season wonder ​တွေ ဖြစ်ဖြစ်ကုန်တာမျိုး၊ နာမည် ခဏတာပဲ ​ကျော်ကြားတာမျိုးရှိ​နေတာပါပဲ။ အ​စောက ​ကော်ဖီ​ပူသောက်မိတာ၊ အရင်းပြုတ်တာ၊ အ​ကြွေးမရ​တော့တာ​တွေဟာလည်း ​ပြောရရင် ​တွေး​တော ဆင်ခြင်နိုင်စွမ်း မလုံ​လောက်တာ၊ ​နည်းပါးတာ ဒါမှမဟုတ် အသိစိတ်ထက် မသိစိတ်ကို ယုံမိသွားတဲ့ အခိုက်အတံ့​တွေလို့ ​ပြောနိုင်ပါတယ်။ ​ကော်ဖီပူ​​လေး တစ်ခါ​သောက်မိလို့ လျှာကျက်သွားတာနဲ့ စာ​​ရေးသူက ဥာဏ်သိပ်နည်းတာပဲ ​ပြောတယ် မထင်ပါနဲ့ဗျာ။ အများစု ဖြစ်တတ်တာ​တွေကို ဥပမာ ​အဖြစ်​ပြောရုံပါ။

■ဟုတ်ပြီ။ အဲ့ဒီကြ​တော့ ​ဥပမာ​ပေးထားတဲ့ ဘရူနို၊ ဒီဘရူနီ၊ အာနိုးတို့က အိုင်းစတိုင်း​တွေလား၊ ဒါမှမဟုတ် အခြား ကစားသမား​တွေက ​သောက်ပိန်း​တွေလားလို့ ​မေးချင်ကြမယ် ထင်ပါတယ်။ ​အဲ့ဒီလို​တော့လည်း မဟုတ်ပါဘူး။ ​ပြောရရင် ဘရူနိုဟာ ​​ရက်ချ်ဖို့ကို ​ဘောလုံး​​ပေးရမယ်လို့ ​ကြွေး​​ကြော်ပြီး သူ့အ​မေဝမ်းထဲက ထွက်လာတာ မဟုတ်ပါဘူး။ ယူနိုက်တက်ရဲ့ ကစားကွက် အထိုင်အရ၊ သူကျွမ်းကျင်တဲ့ ​​ခံစစ်စည်းကို ​ကျော်ပြီး ဘောလုံး​ပေးပို့မှုနဲ့ ရက်ချ်ဖို့ဒ်ရဲ့ ​ပြေးအားဟာ သူယူနိုက်တက်မှာ ကစားတဲ့ အချိန် တစ်​လျှောက်လုံး အ​အောင်မြင်ဆုံး အထိ​ရောက်ဆုံး တွဲလုံးဖြစ်တယ်။ အဲဒီ​တော့ တ​စ်​လျှောက်လုံး ကြုံ​တွေ့လာတဲ့ အ​တွေ့အကြုံကို သိမ်းဆည်းထားတဲ့ ဦး​နှောက်က အဲ့ဒီလို ​ဘောလုံး​ပေးဖို့ အချိန်​ရောက်တိုင်း ရက်ချ်ဖို့ဒ်သာ ကွင်းထဲရှိ​နေရင် “​ဒေါက်တာကို ​ပေး၊ ​ဒေါက်တာကို ​ပေး။” ဆိုပြီး ခိုင်း​စေ​နေမှာပါပဲ။ အဲ့တာက ဘရူနို ဦး​နှောက်ထဲက Bias ဖြစ်​နေတဲ့ အယူအဆ။ ဒါကို ဖျက်ဖို့ဆိုရင် အချိန်ကာလတစ်ခု ​ပေးကို ​ပေးမှ ရပါတယ်။ ဒီ​တော့ ရက်ချ်ဖို့ဒ်သာ ​ပြေးမ​နေရင်၊ ရက်ချ်ဖို့ဒ်ကိုသာ ​ပေးခွင့်မရရင် ဘာလုပ်ရမလဲဆိုတဲ့ အရံအ​ခြေအ​နေ[​တွေ] ဦး​နှောက်ထဲမှာ ရှိ​နေဖို့ လိုပါတယ်။ ဖြစ်နိုင်သမျှ များများစားစား ဖြစ်ဖို့ လိုပါတယ်။ အဲဒီလို အရံအ​ခြေ​အ​နေ​တွေ ရှိ​နေမှသာ ဦး​နှောက်က မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နဲ့ ​ရွေးချယ် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ဒါဟာ ကစားသမားကိုယ်တိုင်ရဲ့ အစွမ်းအစပါမက၊ နည်းပြ​တွေရဲ့ ဗျူဟာပိုင်းဆိုင်ရာ စီစဥ်မှု​တွေ ဘယ်​လောက် ​ပြောင်​မြောက်လဲ​ပေါ်မှာ မူတည်ပါတယ်။ ဥပမာ နည်းပြက ဘရူနိုကိုပဲ တည်ကစားမှာလား။ ဒါဆိုရင် သူ့ဆီမှာ ​ရွေးချယ်ခွင့် များများ ရှိ​အောင်လုပ်​ပေးဖို့ လိုတာပဲ။ ​တ​လောက​ဆောင်းပါးထဲမှာလို ကိုယ့်ကစားသမား​တွေ အတွက် ​ရွေးချယ်ခွင့် များများရနိုင်မယ့်၊ ပြိုင်ဘက်​တွေ predict မလုပ်နိုင်မယ့်၊ complex ဖြစ်တဲ့ ကစားဟန်မျိုး ရှိ​နေ​အောင် နည်းပြ​တွေက လုပ်​ပေးရမှာပါ။ ကိုယ်အားထားရတဲ့ ကစားသမားကို သူ့ဦး​နှောက်က ခိုင်းတဲ့အတိုင်းပဲ လုပ်​နေရတဲ့ အ​ခြေအ​နေမျိုး ဖြစ်မ​နေ​အောင် ဖန်တီး​ပေးရတာကို ဆိုလိုတာပါ။ အဲ့တာ​ကြောင့် အသင်းတစ်သင်းရဲ့ အ​အောင်မြင်ဆုံး ဖြစ်​နေတဲ့ ကစားသမားတစ်​ယောက်ရဲ့ ​ခြေစွမ်း​တွေကို၊ အခြားအသင်းမှာလည်း အဲဒီလို ​အောင်မြင်နိုင်တယ်လို့ ရာနှုန်းပြည့် ​မျှော်လင့်ထား​ပေမဲ့ ဖြစ်မလာတတ်ကြတာပါ။ ကစားသမား တစ်​ယောက် ​ခြေစွမ်းပြနိုင်တာဟာ သူ့ပင်ကိုယ်ခြေစွမ်း​ကြောင့်ချည်း ဖြစ်နိုင်တဲ့အပြင်၊ အသင်းရဲ့ ​နောက်ပြီး နည်းပြရဲ့အကူအညီ​တွေကိုလဲ ​မေ့ထားလို့ မရပါဘူး။

■ကစားသမား​တွေ သူတို့ကစားတဲ့ ဗျူဟာ အ​ရွေ့​တွေအ​ပေါ်မှာ Bias ဖြစ်​နေလို့ ကျဆုံးသွားတဲ့ နည်းပြ​တွေ ထုနဲ့​ဒေးပါပဲ။ ကစားသမား​တွေဟာ တစ်သင်းတည်းမှာ ​တောက်​လျှောက်​နေနိုင်ရင် ​အောင်မြင်နိုင်​ခြေ ပိုများတဲ့အချိန်၊ နည်းပြ​တွေကျ​တော့ တစ်သင်းတည်းမှာပဲ ​ရေရှည် မ​အောင်မြင်နိုင်ပြန်တာကလဲ ဒီကိစ္စနဲ့ ပတ်သက်ပါတယ်။ မနှစ်က ရာသီကုန်ချိန် ဒီ​ပေ့ချ်မှာပဲ podcast ပုံစံ ​ဆွေး​နွေးတာမျိုး လုပ်ခဲ့ချိန်မှာ ကျွန်​တော် ဝင်​ပါဖူးပါတယ်။ အဲ့ဒီအချိန်မှာ ​နောက်နှစ် ယူနိုက်တက် ​အောင်မြင်နိုင်လား၊ လူဘယ်​လောက် ​ခေါ်ဖို့ လိုအပ်မလဲ၊ ဆန်ချိုအပြင် ဘယ်သူ့ကို ​ခေါ်သင့်​သေးလဲ စသဖြင့် စုံ​နေတာပါပဲ။ အဲ့ဒီတုန်းက ဆုဖလားက​တော့ ဘယ်သူရမလဲ မ​ပြောတတ်​ပေမဲ့ ယူနိုက်တက် မရဖို့ များ​ကြောင်း၊ ဒါ​ပေမဲ့ ဆန်ချို တစ်​ယောက်​ခေါ်ရင်ကို ဖလားကို စိန်​ခေါ်နိုင်တဲ့ အဆင့်ရှိလာနိုင်​ကြောင်း ​ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် ထိပ်တန်းကစားသမား​တွေ မ​ခေါ်ခြင်းအားဖြင့် ဆိုးရှားနဲ့ အသင်းကို ကူညီရာ ​ရောက်နိုင်​ကြောင်းလဲ ​ပြောခဲ့ပါတယ်။ အ​ဖြေက ရယ်စရာ ​ကောင်း​ပေမဲ့ အဲဒီလို ဘာ့ကြောင့်​ပြောသလဲ ဆိုရင် ဆုဖလား ရယူနိုင်တဲ့အ​ခြေအ​နေ မ​ရောက်​သေးတဲ့ အသင်းကို ဆုဖလားရယူနိုင်ရမဲ့ ဖိအားမျိုး ​ပေးလိုက်တာဟာ ဆွဲချသလို ဖြစ်တတ်လို့ပါ။ ဘောလုံး​လောကမှာ ​မျှော်လင့်ချက်​ ဖိအား​တွေနဲ့ ကျဆုံးသွားတဲ့ အသင်း​တွေ နည်းပြ​တွေ ဥပမာ​​ပေးရရင် မကုန်ပါဘူး။ ဒီကိစ္စက ကစားသမား​တွေ နည်းစနစ်တစ်ခုအ​ပေါ် bias ဖြစ်တာနဲ့ ဘာဆိုင်လဲ ​မေးစရာ ရှိပါတယ်။

■[တည်ငြိမ်နေဆဲ တိုးတက်နေဆဲ အလုပ်ဖြစ်နေဆဲ] အသင်းတစ်သင်းအတွက် အရံကစားသမား ခေါ်တာ၊ ပြောရရင် အသင်းမှာ ရှိရင်းစွဲတွေနဲ့ သူမသာ ကိုယ်မသာ အဆင့် ကစားသမားကို ခေါ်တာမျိုးက ပြဿနာ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ အသင်းမှာရှိတဲ့ ကစားသမားတွေထက် အစစ သာလွန်ထူးချွန်တဲ့ ကစားသမားတွေကို ခေါ်ရင်တော့ ပြဿနာရှိလာပါပြီ။ ဘောလုံးပွဲ တစ်ပွဲက ကစားသမား ၁၁ ဦး ကစားရတာဖြစ်ပေမဲ့ နည်းစနစ်ဗျူဟာတွေ တွဲလုံးတွေအရ အချင်းချင်းတွဲကစားရမဲ့ အရေအတွက်က ၄၊ ၅ ဦးထက် မပိုပါဘူး။ ဒီတော့ အဲ့ဒီထဲက တစ်ဦးကို အပြောင်းအလဲ လုပ်လိုက်တာနဲ့ အခြားကစားသမားတွေက ခါတိုင်းလုပ်နေတာရဲ့ ၄ပုံပုံ၊ ၁ပုံလောက်ကို ကွဲပြားလုပ်ရပါပြီ။ အဲဒီမှာမှ တိုးလာတဲ့ ကစားသမားကို အားပြု ကစားရတယ်၊ အဲဒီကစားသမားကို ဝန်းရံကစားပေးရတယ် ဆိုရင် အခြေအနေက ပိုလို့တောင် ပြောင်းလဲ သွားပါတယ်။ ပြောချင်တာက ဒိတ်ဒိတ်ကြဲ ကစားသမားတစ်ဦးဒါမှ မဟုတ် အဲဒီထက်ပိုတဲ့ ကစားသမားတွေ ရောက်လာပြီဆိုရင် သူတို့ဟာ အသင်းရဲ့ ကစားကွက်ထဲ အံဝင်အောင် ကြိုးစားပေးတာထက်၊ အသင်းကသာ သူတို့နဲ့ အံဝင်အောင် ကြိုးစားပေးရတာ များပါတယ်။ ဒါက ထုံးစံပါပဲ။ ဒါ့ကြောင့် ကစားသမားကောင်းတွေ အသင်းပြောင်းတိုင်း ခြေစွမ်းအမြဲပြကြတာမျိုး မဖြစ်တာပေါ့။ အသင်းက အံဝင်အောင် ကြိုးစားပေးမဲ့ ဒိတ်ဒိတ်ကြဲအဆင့် ဟုတ်မနေပဲ ကိုယ်က အံဝင်အောင် ကြိုးစားပေးရတဲ့အဆင့်ဆိုရင် ပိုဆိုးပေါ့။ အသင်းကနေ ကစားသမားသစ်ကို ချဥ်းကပ်ရတဲ့အခါ အသင်းရဲ့ အရင် ကစားပုံတွေက သူတို့ ဦးနှောက်ထဲမှာ ကျန်နေပါသေးတယ်။ နည်းပြတွေရဲ့ ပြောင်းလဲလိုက်တဲ့ညွှန်ကြားချက်ကို မနာခံတာမျိုးလဲ မဟုတ်ပါဘူး။ ပြောရရင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေဆဲ အချိန်မှာဆေးလိပ်မြင်ရင် လက်နဲ့ ကိုင်မိတာ၊ မီးညှိမိတာ ဖြစ်တာမျိုး။ ရလဒ်က အဓိက ဖြစ်နေတဲ့ ဘောလုံးလောကမှာ နည်းပြတွေ အများစုဟာ ဒီကာလကို မကျော်နိုင်ပါဘူး။ နောက်တစ်ဆင့် တက်ရတော့မယ် ဆိုတဲ့အချိန်မှာ သူတို့ဟာ တက်ဖို့ အစွမ်းအစ မရှိတာလို့ ပြောနိုင်သလို၊ အချိန်တိုအတွင်း ပြောင်းလဲနိုင်စွမ်းလဲ နည်းတာလဲ ဖြစ်နိုင်ပါတယ်။

■အသင်းတစ်သင်းကို ​ရေရှည် ​အောင်မြင်​အောင် ဘယ်လို အုပ်ချုပ်သလဲလို့များ ​လေ့လာချင်ရင် ဆာအဲလက်စ် ဖာဂူဆန်အပြင် ဘယ်သူမှ ရှိမယ် မထင်ပါဘူး။ ဆာအဲလက်စ်က သူ့အသင်းရဲ့ ကစားသမား​တွေကို ဘယ်​တော့မှ သက်​တောင့်သက်သာ ဖြစ်မ​နေ​စေတာက သူ့ရဲ့ ​အောင်မြင်​ရေး လျို့ဝှက်ချက်လို့ ​ပြောပါတယ်။ ဒါ့အပြင် ကစားသမားတစ်ဦးက အသင်းအ​ပေါ် လွှမ်းမိုး​​နေတာမျိုးလဲ မကြိုက်ဘူးလို့ ဆိုပါတယ်။ အလုပ်မဖြစ်တာနဲ့ ​ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုလုပ်ဖို့ ဝန်​လေးသူ မဟုတ်ပါဘူး။ သ​ဘောက​တော့ ကစားသမား​တွေကို ပုံစံခွက်ထဲ အံကျ​စေတာထက်၊ အ​ပြောင်းအလဲ​တွေနဲ့ ​နေသားကျဖို့ ကြိုးစား​စေတာ ဖြစ်ပါတယ်။ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဖလားဗိုလ်လုပွဲတက်ပြီး အဆင့်​တွေ ကျချင်တိုင်း ထိုးကျ​နေတဲ့ ပိုချက်တီနိုဟာ အလကား နည်းပြလို့ ကျွန်​တော်တို့ ဘယ်လိုပါးစပ်နဲ့များ ​ပြောရက်နိုင်ကြမှာလဲ။ သူဟာ အသင်းကို ​နောက်တစ်ဆင့် ဆွဲတင်ဖို့ပဲ ကျန်​တော့တယ်ဆိုတဲ့ အချိန်မှာ အရင်နှစ်က ရရှိခဲ့တဲ့ ​အောင်မြင်မှု ဖိအားနဲ့အတူ အသင်းရဲ့ ကစားပုံကို ဆွဲတင်နိုင်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ​ဘောလုံးအသင်း​တွေဟာ သူ့အဆင့်အလိုက် ကစား​နေကျပုံ ရှိပါတယ်။ ဥပမာ မန်စီးတီး ​ဘောလုံးအသင်းအ​နေနဲ့ ပြိုင်ဘက် ပရီးမီးယားလိဂ် အသင်း​တွေကို သ​ရေပဲ ခံကစားမယ်ဆို ပြိုင်ဘက် အားလုံးနီးပါးကလဲ သ​ရေပဲ ယူမယ် ဆိုပြီး ကစားကြမှာပါ။ ဒါဆို သ​ရေပွဲ​တွေချည်း ဖြစ်​ကုန်တော့မှာပါပဲ။ ဆိုလိုချင်တာက ပိုချက်တီနိုရဲ့ စပါးက ​သူ့အဆင့်နဲ့သူ ကောင်း​နေပြီးသား ဖြစ်တယ်။ ဒါ​ပေမဲ့ ​နောက်တစ်ဆင့် တက်ဖို့ဆိုရင် ရှိရင်းစွဲ ကစားပုံထက် ပိုပြီး Risk ယူရတဲ့၊ နိုင်ပွဲ ပိုရှာနိုင်တဲ့ ကစားပုံ​တွေ လုပ်ဖို့ လိုပါတယ်။ ဒီ​တော့ ​ပြောင်းလဲလိုက်တဲ့ ကစားပုံနဲ့၊ ကစားသမား​တွေ ဦး​နှောက်ထဲက Bias ဖြစ်ပြီးသား ကစားပုံနဲ့ ပွတ်တိုက်မှု ဖြစ်ကုန်ပါတယ်။ ဒီမယ် ရလဒ်​တွေထိုးကျပြီး စပါးနဲ့ လမ်းခွဲလိုက်ရ​တော့တာပါပဲ။ ပိုချက်တီနို ညံ့တာမဟုတ်ခဲ့သလို၊ ကစားသမား​တွေကလဲ သူ့စကားကို နားမ​ထောင်ခဲ့တာ မဟုတ်ပါဘူး။

■​ဟော်လန်ရဲ့ ဂန္ဒဝင်​တွေလို့ ဆိုရမဲ့ ခရိုက်ဖ်နဲ့ ဗန်ဟားလ်ဟာ အဖြူနဲ့ အမဲလိုပါပဲ။ နှစ်ခုလုံးဟာ ကာလာ[အ​ရောင်]ဆိုတဲ့ သတ္တိအတူတူဖြစ်ပြီး ဆန့်ကျင်ဘက်ဖြစ်​နေသလို သူတို့ကလဲ ​ဘောလုံးအ​ခြေခံနည်းစနစ် တူ​တယ် ​ပြောလို့ရ​ပေမဲ့ အ​သေးစိတ်အယူအဆတိုင်းလိုလိုမှာ ဆန့်ကျင်ဘက်​တွေချည်းပါပဲ။ တစ်ခုတူတာ​တော့ ရှိပါတယ်။ တည်ငြိမ်​နေတဲ့ အသင်းတစ်သင်း ရလဒ်​တွေ ထိုးကျလာရင် ​ရှိရင်းစွဲ​တွေ ဆန့်ကျင်ပြီး ကစားသမား​တွေ ​မျှော်လင့်မထားတဲ့ ​ပြောင်းလဲမှု လုပ်ရမယ်ဆိုတဲ့ အယူအဆပါပဲ။ သူတို့ ​​ဘောလုံးအ​ကြောင်း​ဆွေး​နွေးတိုင်းလို ဒီကိစ္စကိုပြော​လေ့ရှိပါတယ်။ ဆာအဲလက်စ်လဲ အဲဒီလို အယူအဆနဲ့ ခပ်ဆင်ဆင် ဟားဗတ်​ဟော​ပြောပွဲမှာ ဆိုဖူးပါတယ်။ အ​ပေါ်က ​ပြောထားသလိုပါပဲ၊ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဦး​နှောက်ဟာ ရက်ချ်ဖို့ဒ် ​ပြေး​နေတာ မ​တွေ့ပါဘူး၊ ​တွေ့လာဖို့လဲ မရှိ​တော့ဘူးဆိုတာ​သေချာမှကို အခြား​သော အ​ခြေအ​နေ​တွေကို ဖန်တီးဖို့ ကြိုးစားတာပါ။ ဒီလိုပဲ  ရလဒ်​တွေ အ​ခြေအ​နေတစ်ခုမှ ရှိ​နေရင်း ရုတ်ချည်းထိုးကျသွားတဲ့ အသင်းရဲ့ ကစားသမား​တွေကိုလဲ သူတို့ ​မျှော်လင့်ထားတဲ့ [တစ်နည်း] Bias ဖြစ်​နေတဲ့ သူတို့ဦး​ဏှောက်ထဲက ပုံရိပ်​တွေ လုံးဝ ​မျှော်လင့်စရာ မရှိ​တော့ဘူးဆိုတာမျိုး ဖြစ်သွား​အောင် နည်းပြက ​ပြောင်းလဲ​ပေးမှ အဆင်​ပြေလာနိုင်တာမျိုးပါ။ ဒါဟာလဲ ရာနှုန်းပြည့် ​အောင်မြင်​ရေး ​သော့ချက်​တော့ ဟုတ်မ​နေပါဘူး။ ဒါ့​ကြောင့် အထုတ်ခံလိုက်ရတဲ့ နည်းပြတိုင်းရဲ့ ​နောက်မှာ ​မေးခွန်းထုတ်စရာ သိပ်​ကောင်းတဲ့ ဆုံးဖြတ်ချက်​တွေ၊ ထင်မထားရ​လောက်တဲ့ အမှား​တွေ အများကြီး ကျွန်​တော်တို့ ကြားရတာ​ပေါ့။ ဘာပဲဖြစ်ဖြစ် ​ပြန်​ကောင်းလာ​လေမလား ​လှေကြီးထိုး​ပြီး ​မျှော​နေတာနဲ့ စာရင်၊ ​အောင်မြင်ဖို့ အခွင့်အလမ်းရှိလို့ သူတို့ ကြိုးစားခဲ့တာကို​တော့ ကျွန်​တော်တို့ အသိအမှတ် ပြုရပါလိမ့်မယ်။ ​အောင်မြင်နိုင်ခြင်း မ​အောင်မြင်နိုင်ခြင်းဟာလည်း ​မျှော်လင့်ထားတဲ့ အ​ခြေအ​နေမဟုတ်ရင် ဘာဆက်လုပ်ရမလဲ အ​ဖြေအဆင်သင့်ရှိကြတဲ့ Game Intelligence မြင့်တဲ့ ကစားသမားလိုပါပဲ၊ နည်းပြရဲ့ အစွမ်းအစ​တွေ ​နောက်ပြီး အကူအညီ​ပေးနိုင်တဲ့ အသင်းတာဝန်ရှိသူ​တွေနဲ့ ဆိုင်တာပါပဲ။

■ကစားသမား​တွေရဲ့ နည်းဗျူဟာ​ဟောင်း ကစားပုံ အ​ဟောင်းအ​ပေါ်ကို Bias ဖြစ်​နေတာကပဲ အသင်းကို ဒုက္ခ​ပေးတာလား ဆို​တော့လဲ မဟုတ်ပါဘူး။ နည်းပြ​တွေရဲ့ ကစားသမားအ​ပေါ်၊ သူ့ရဲ့ နည်းစနစ်အ​ပေါ် Bias ဖြစ်​လေ့ရှိတာကလည်း မကြာခဏဆိုသလို အသင်းကို ပြဿနာ ​ပေးတတ်ပါတယ်။ ဒါ​တွေက​တော့ သိပ်​ထွေ​ထွေထူးထူး ​ပြောစရာရယ်​လို့ မရှိပါဘူး။ ​ဘောလုံးပရိသတ်တိုင်း သိပြီးသားမဟုတ်လား။ လခွမ်း ဒီကစားသမားပဲ သုံး​နေတယ်၊ သူ့မယားပါသားလား မသိဘူးဆိုတဲ့ စကားသံ​တွေက ဘယ်​​ဘောလုံးအသင်းရဲ့ လိုင်းအပ်ပို့စ်​အောက်မှာမဆို မြင်နိုင်ပြီးသားပါ။ ခက်တာက တချို့နည်းပြ​တွေဟာ ကစားသမားတစ်ဦးဦးကို ဖြစ်​စေ အနား​ပေးသင့်တဲ့ အချိန် ​ရောက်​နေမှန်း သိသာချိန်မှာ​တောင် အနားမ​ပေးတတ်တာမျိုး၊ အနိုင်ရလဒ် အ​ရေးကြီးချိန်မျိုး​တောင် ​အေး​အေးလူလူနဲ့ ဂိုးမ​ပေးဖို့အတွက်ပဲ ခံစစ်ကစားတာမျိုး​တွေ ကြုံဖူးကြမှာပါ။ ဒီကိစ္စ​တွေကို ပွဲကြည့်ပရိသတ်တိုင်း၊ ​ပြောရရင် ကိုယ်တိုင်ကစား​နေရတဲ့ ကစားသမား​တွေကပါ အမှားမှန်း သိ​နေချိန်၊ သူတို့က​တော့ အမှန်ပဲ ယူဆကြတာ ငြင်းစရာ မရှိပါဘူး။ ဘယ်လူ တစ်ဦးတစ်​ယောက်ကမှ ကိုယ့်ဒုက္ခကိုယ်မရှာပါဘူး၊ ဒီ​တော့ ကျွန်​တော်တို့ မ​ကောင်းဘူးထင်တဲ့အရာကို သူတို့ဘာ့​ကြောင့် အ​ကောင်းဆုံးထင်ရသလဲဆို သူတို့ အ​တွေ့အကြုံအရ သူတို့ လက်ခံယုံကြည်တာကိုပဲ မှန်တယ် ယူဆလို့ပါပဲ။ ဆိုးရှားလက်ထက်က ပွဲတိုင်း​ကျော် ဘရူနိုနဲ့၊ လက်ရှိရာသီ ပွဲထွက်လူစာရင်း ​ပြောင်းလဲရမှာ အင်မတန် ​ကြောက်တဲ့ အန်ဆ​လော့တီတို့က သိသာတဲ့ နည်းပြ Bias ​တွေပါ။ အဲဒီလို​ပြောလိုက်လို့ မြန်မာပြည်က င​မြောက်င​ခြောက်က အဲဒီနည်းပြ​တွေထက် ပိုတတ်​နေတယ်လို့ ​မယူဆ​လိုက်ပါနဲ့။ သူတို့​တွေ အဲ့ဒီလို Bias ဖြစ်ပြီး တစ်ခါလာ ဒီမွဲပြာပုဆိုးလုပ်​နေတာကို မ​ကောင်းဘူးလို့ ​ပြောလိုက်တဲ့ ကျွန်​တော်တို့ရဲ့ အမြင်ကလဲ ကျွန်​တော်တို့ရဲ့ ​ဘောလုံးပွဲကြည့်တဲ့ သက်တမ်းအရ၊ ကျွန်​တော်တို့ပိုင်ဆိုင်ထားတဲ့ သတင်းအချက်အလက်​တွေအရ Bias ဖြစ်​နေတဲ့ အမြင်​တွေပါပဲ။

■​ဘောလုံးသမား​တွေ ​ကောင်းတယ် မ​ကောင်းဘူး ​ပြောတဲ့​နေရာမှာလဲ ဒီကိစ္စက အ​တော် ဆိုးပါတယ်။ ဂိုးသွင်းတဲ့​နေရာမှာ အ​တော်​လေးကို မစွံဘူးလို့ လူတိုင်းလိုယုံကြည် ခဲ့ကြတဲ့ ဘန်ဇီမာဟာ ​ရော်နာဒို ထွက်သွားပြီး​နောက်ပိုင်း ဂိုး​တွေ ဆက်တိုက်သွင်းနိုင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမြင် အမျိုးမျိုးရှိကြတယ်။ တကယ်လို့ ဘန်ဇီးမားက ဂိုးသွင်း​​ကောင်းတဲ့ တိုက်စစ်မှုးလား ဆိုရင် ကျွန်​တော်တို့ ဘယ်လို ​ဖြေကြမလဲ။ အသက်ကြီးမှ ဂိုးသွင်းတတ်လာတယ် ​ဖြေကြရမလား။ လာလီဂါမှာ ထင်တိုင်းကြဲ​ခဲ့တဲ့ မက်ဆီဟာ ပြင်သစ်လီဂူးမှာ ရုတ်ချည်း ဂိုး​တွေ ​​​ပေါ​ပေါ​သော​သောမရနိုင်​တော့တာဟာ ဘာ့​ကြောင့်လဲ။ ပြင်သစ်လိဂ်က သိပ်​ကောင်း​နေတာလား။ ကျွန်​နော်တို့ဟာ အဲဒီလို အ​မေး​တွေ​ ရင်ဆိုင်ရရင်၊ ကိုယ့်မှာရှိတဲ့ နည်းပါးလှတဲ့ သတင်းအချက်အလက်​တွေနဲ့ အမှားအမှန် ဝင်ဆုံးဖြတ်ကြ​လေ့ ရှိပါတယ်။ ဥပမာ ​ရော်နာဒိုဘက်ကို bias ဖြစ်ပြီး ​ပြောတဲ့အခါ၊ ဘင်ဇီမာဆိုတဲ့​ကောင်သာ ​ရော်နာဒိုဖန်တီးတဲ့ ဂိုး​တွေ တဝက်​လောက် ခု​ခြေစွမ်းအတိုင်း သွင်းနိုင်ရင် ​ရော်နာဒိုရဲ့ assist stat ​တွေဟာ မက်ဆီထက် နိမ့်စရာ မရှိဘူး​ပေါ့။ ဘင်​ဇီမာဘက် bias ဖြစ်တဲ့သူကျ ကစားသမားဘဝတစ်ခုလုံး အဖြည့်ခံပုံစံ ကစားခဲ့ရတယ်၊ ​ရော်နာဒို အတ္တကြီးတာ​ကြောင့်​ပေါ့။ ဒီလိုပဲ မက်ဆီဘက်ကို Bias ဖြစ်တဲ့အမြင်​တွေ၊ ဘက်ကန်တဲ့ အမြင်​တွေလဲရှိကြတာပါပဲ။ ဖြစ်သင့်တာက ကျွန်​တော်တို့မှာရှိတဲ့ ပိုင်ဆိုင်တဲ့ သတင်းအချက်အလက် အနည်းအကျဥ်းနဲ့ ကိစ္စတစ်ခုကို ဟုတ်တယ်၊ မဟုတ်ဘူး၊ မှန်တယ်၊ မမှန်ဘူး ဆုံးဖြတ်ဖို့ရာ အင်မတန်မှကို မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါ​ပေမဲ့ အဲ့ဒီလိုလုပ်တတ်ကြတဲ့ လူ​တွေရဲ့ အမူအကျင့်နဲ့ ကမ္ဘာကြီးကလည်ပတ်​နေသလို၊ အထူးသဖြင့် ​ဖျော်​ဖြေ​ရေးလုပ်ငန်း​တွေမှာ လူစိတ်ဝင်စား​စေမဲ့ လက်နက်တစ်ခုလိုကို အသုံးချ​လေ့ရှိပါတယ်။

■​ပွဲအစ မက်ဆီလမ်း​လျှောက်​နေရတာ အလကား မဟုတ်ဘူးဆိုတဲ့ ​ဆောင်းပါး​တွေ၊ ဗီဒီယိုဖိုင်​တွေ ခင်ဗျားတို့ ​တွေ့ဖူးကြမှာပါ။ ​ပြောထားသလိုပဲ လူဆိုတာက ကိုယ်ယုံကြည်တဲ့အရာကို ထပ်ပြီး မွမ်းမံ​ပေးတဲ့ အရာ၊ ​ထောက်ပံ့​တဲ့ အရာ​တွေကိုဆို သိပ်​တောင်းဆိုတယ်။ ​ဒီ​တော့ မက်ဆီဟာ ခြွင်းချက်မရှိ အ​ကောင်းဆုံးပါ ဆိုပြီး လက်ခံထားတဲ့လူဟာ မက်ဆီ ပွဲချိန်ပြည့် လမ်း​လျှောက်​နေတာကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒီ​တော့ ကိုယ်က အားနည်းချက်လို့ ထင်တဲ့ ကိစ္စဟာ မက်ဆီရဲ့ ကြီးမားတဲ့ အားသာလှ​သော Genius ဖြစ်မှုကြီးလို့ ​ပြောဆိုတာ​တွေ ​တွေ့​တော့ သ​ဘောမ​တွေ့ပဲ ဘယ်​နေ​တော့မလဲ။ ဒါ​က ပြောရရင် ​ပြောင်​​မြောက်တဲ့ PR အ​ရွေ့တစ်ခုဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ဆက်တိုက် အရှုံး​တွေ ရင်ဆိုင်ရချိန်၊ မက်ဆီရဲ့ ခံစစ်မကူနိုင်မှုက ဘာစီလိုနာအတွက် မက်ဆီရဲ့​ကောင်းကျိုးထက် ဆိုးကျိုးကိုပိုရ​နေတယ်လို့ ​​ဝေဖန်သံထွက်နေချိန်မှာ ​ပေါ်​ပေါက်လာတဲ့ ကိစ္စဖြစ်ပါတယ်။ အမှန်တကယ်​တော့ မက်ဆီ ဖြစ်စေ၊ ​ရော်နာဒို ဖြစ်စေ သူတို့ဟာ အသင်းရဲ့ ကြယ်ပွင့်အဆင့်တင် မဟုတ်ပဲ ကြီးမားလှတဲ့ ကမ္ဘာ့ပုံရိပ်​တွေ ဖြစ်တာမို့ သူတို့ ဘယ်အသင်း​ရောက်​ရောက် အသင်းအထက်က ရှိ​နေမှာပါပဲ။ အဲ့ဒီ​တော့ သူတို့ကို ​ထောက်ပံ့​ပေးနိုင်တဲ့၊ သူတို့ ​​ပိုပြီး​တောက်ပ​စေနိုင်မဲ့၊ work less but smart ဖြစ်​စေမယ့် အ​ခြေအ​နေ ဖန်တီး​​ပေး​လေ့ ရှိကြတာပါ။ ဒီ​တော့ သူတို့​ကြောင့် ပိုပြီးထိ​ရောက်နိုင်တဲ့ တိုက်စစ်လိုက်ပါမှုအတွက်ပဲ သူတို့ရဲ့ အားကို ဖြုန်း​စေတာပါပဲ။ ဒါဟာ သူတို့​အသင်း​တွေ ​အောင်မြင်ချိန်မှာ သိပ်ထူးလှတာ မဟုတ်​ပေမဲ့။ ကျဆုံးချိန်မှာ​တော့ ​ပြောစရာ ဖြစ်လာကြတယ်။ အ​ပေါ်က ဗီဒီယိုက​တော့ အဲ့ဒီ​ဝေဖန်ချက်​တွေကို အ​တော်အတန် ​ချေဖျက်နိုင်​စေခဲ့ပါတယ်။ လူ​တွေရဲ့ Bias စိတ်သ​ဘောကို အသုံးချသွားတာလို့ ဆိုလို့ ရပါတယ်။

■အဲ့ဒီလို Bias ဖြစ်စေနိုင်တဲ့အတွေးကို ချေဖျက်နိုင်ဖို့ဆိုရင် တိကျသေချာတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို သုံးမှ ရနိုင်တယ်လို့ အများစုက ဆိုကြပါတယ်။ ဒါပေမဲ့ အဲ့တာဟာလဲ အနှစ်သာရတူမှ၊ Context ရှိနေမှသာ ဖြစ်နိုင်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ မဟုတ်ရင် မှားတယ်ပြောလို့မရတဲ့ အမှားတွေသာ ဖြစ်ကုန်ပြီး ပိုဆိုးဖို့ရှိလာတယ်။ ရွှေဘောလုံးဆုကို ကြည့်ရင် ဒီကိစ္စကို ရှင်းရှင်းလင်းမြင်ပါတယ်။ ရွှေဘောလုံးဆုကို ဘယ်လိုပေးတာလဲဆိုတဲ့ Context ကို မျက်ကွယ်ပြုတဲ့အခါ ဟာ မိုဒရစ်ကျတော့ ဂိုးတွေ တအားမသွင်းပဲ အသင်းတိုင်းနဲ့ အောင်မြင်မှု အများဆုံးရလို့ ရွှေဘောလုံးရတယ်။ ဂျော်ဂျင်ဟိုကျ မရဘူးတဲ့လားဆိုတဲ့ ဝေဖန်မှုတွေ။ ဂိုးသွင်းများတိုင်း ရစတမ်းဆို ဒီနှစ် လီဝမ်ဒေါစကီးရသင့်ပြီး ရော်နာဒို ရခဲ့တဲ့ နှစ်အချို့မှာတောင် မက်ဆီက ရွှေဘောလုံးဆု ထပ်ရသင့်သေးတယ်ဆိုတဲ့ အတွေးတွေ။ ကလပ်နဲ့ အောင်မြင်မှုရတဲ့အပြင် နိုင်ငံအသင်းဆုဖလားရတာအပေါ်ပါ ကြည့်ပြီးပေးမယ် ဆိုပြန်လဲ၊ ဇာဗီတို့ အင်နီယက်စတာတို့ ဗာရန်းတို့ ဘာလို့ မရကြတာလဲ ဆိုတာတွေ။ အဲဒီလိုတွေ ငြင်းကြတဲ့အခါ သူ့ထက်ငါ ဘယ် stat မှ ဘယ်လိုရှိတယ်၊ ဘယ်နေရာမှ ဘာဖြစ်တယ် စသဖြင့်ငြင်းကြပြီး၊ Debate တွေကို settle လုပ်ကြတယ်။ အမှန်က ကစားသမားတစ်ယောက် ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့နေရာမှာ အချက်အလက်ကို ကြည့်လို့မရတာ သေချာသလောက်ပဲ။ ဥပမာ ကွင်းလယ်ကစားသမားနဲ့၊ တိုက်စစ်မှုးနဲ့ကို Progressive passes တွေချင်းယှဥ်ရင် ဘယ်လိုမှကို မဖြစ်နိုင်ဘူးလေ။ တိုက်စစ်မှုးက သဘောသဘာဝအရကို final third ထဲမှာကစားတာမို့ Progressive passes ထက်၊ သူ့ရဲ့ပြောင်းပြန် နောက်ပြန်ပေးတာကိုပဲ လုပ်လေ့ရှိမှာ မဟုတ်လား။ သူ့ရှေ့ပေးရရင် ပြိုင်ဘက်ဂိုးပဲ ရှိတာကိုး။ ဒီလိုပဲ ဘန်လေက ခံစစ်မှုးနဲ့ မန်စီးတီးက ခံစစ်မှုး၊ ခံစစ်မှုးချင်းတူတယ်ဆိုပြီး tackle လုပ်တာတွေ၊ header တွေ၊ block တွေ သွားယှဥ်လို့မရဘူး။ ဘန်လေက ငတိတွေက ခံစစ်ပြီး ခံစစ်ကို ပိုကစားရလို့ အဲ့တာတွေမှာ ပိုသာဖို့ ရှိတာပဲ။ ရွှေဘောလုံးကိစ္စ ပြန်ပြောရရင် ဆုဘယ်လို ပေးတာလဲ ဆိုတဲ့ Context ကကို မဲပေးခွင့်ရှိသူတွေအမြင်မှာ ဘယ်သူ့ကို အကောင်းဆုံးလဲ ဆုံးဖြတ်တာသာ ဖြစ်တယ်။ ဘာကိုမှ ကြည့်ဆုံးဖြတ်တာ မဟုတ်ပဲ၊ လူတစ်စုက ရသင့်တယ်ထင်တဲ့သူ ရတာမျိုးပါပဲ။ တချို့ဆို ဒဏ်ရာနဲ့ နပမ်းလုံးနေရပြီး ဘောလုံးသိပ်မကစားလိုက်ရတဲ့ ကစားသမားကို အကောင်းဆုံးပါ မဲပေးတာမျိုး ရှိတယ်။ ကိုယ်နှစ်သက်တဲ့ ကစားသမား ဆုရသွားရင် Fair ဖြစ်တယ်၊ မဟုတ်ရင် ဘာလားပေါ့။ အမှန်ဆိုတာထက် Bias ဖြစ်မှု များတဲ့ဘက်က သာတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။

■​ကျွန်​နော်တို့ဟာ ​မွေးကတည်းက ဖြတ်သန်းလာရတဲ့ အရာ​တွေက​နေ ရလာတဲ့ သတင်း​တွေ၊ အချက်အလက်​တွေနဲ့ ယှဥ်ပြီး​တော့ ကိစ္စတစ်ခုအ​ပေါ် ဆုံးဖြတ်ကြတာပါပဲ။ သမီးဖြစ်သူ အိမ်​ထောင်ကျ​ဖို့ ​ယောက်ျား​တောင်း​ပေးရတဲ့ အ​လေ့အကျင့်ကို တချို့ ရယ်ဖူးကြမယ်။ ​တစ်သက်လုံး အတူ​နေလာပြီး မြေး​တွေ မြစ်​တွေရ​တော့မှ မင်္ဂလာ​ဆောင်ကြတဲ့ ကိစ္စ​တွေကို ဟားဖူးကြမယ်။ နိုင်ငံ​တော်​တော်များများမှာ မိဘနဲ့ သားသမီး ထမင်းတူတူစားချင်ရင် Dateရ​သေးသတဲ့​လေ။ ​ဟော၊ သူတို့က မိဘ​တွေ အိုလာရင် ဘိုးဘွားရိပ်သာလို့ ​ခေါ်နိုင်တဲ့ ​နေရာ​တွေကို ပို့ရက်ကြပြန်သတဲ့။ ကျွန်​တော်တို့က ကျွန်​တော်တို့ရဲ့ ယုံကြည်မှုနဲ့ မတူတာ​တွေ့တိုင်း ဘာ့​ကြောင့်လဲ ဆိုတာကို မဆင်ခြင်ပဲ ယုံကြမယ်၊ ပယ်ချမယ်၊ ဟားတိုက်မယ် ဒါမှမဟုတ် ရန်ပြုကြမယ် ဆိုရင်​တော့ အ​တော်ဆိုးဆိုးရွားရွား ဖြစ်ဖို့ ရှိတာပဲ။ ကျွန်​တော်တို့ သိ​နေတာကပဲ အမှန်ဆိုရင် ​Bias သံသရာလည်သွားပြီး၊ ဘောင်တစ်ခုက​နေ ထွက်နိုင်စရာ မရှိ​တော့ပါဘူး။ ဒီလို​ဆိုရင် ဘာမဆို အမှန်ကိုပဲ ရှာရမယ်​ပေါ့တိုလဲ မဟုတ်​သေးပြန်ပါဘူး။ လူမှန်ကြီး၊ စာအုပ်ကြီးသမား၊ လူ့ဂွစာ စသဖြင့် ​တွေ ကြားဖူးကြမှာပါ။ ငါက အမှန်မှဆိုတာကလဲ သူသိတဲ့ အမှန်ဆိုတာကို ကျိုး​ကြောင်းပြပြီး Bias ဖြစ်​နေတာထက် မပိုပါဘူး။ ဥပမာ ကျွန်​တော်တို့ဟာ တစ်ဦးရဲ့ ယုံကြည်မှုကို မယုံလို့ရတယ် ​စော်ကား​မော်ကား မ​ပြောရဘူးဆိုတဲ့ ယဥ်​ကျေးမှုကို လက်ခံကြတယ် မဟုတ်လား။ ဒါလူတိုင်း လက်ခံပါတယ်။ ဒါ​ပေမဲ့ ကမ္ဘာပြားတယ်လို့ ယုံတဲ့သူ​တွေကို ဆဲဆို ပုတ်ခတ် ​စော်ကား​နေကြတာကို ကိုယ်တိုင်လုပ်တဲ့အပြင် အား​ပေး အား​မြှောက်ပါ ​သွေးထိုးကြတဲ့ ကမ္ဘာသိ ပညာရှင်​တွေ လူ​တော်​တွေ ​အများကြီးပါပဲ။ ကျွန်​တော်လဲ ကမ္ဘာပြားတဲ့ ကိစ္စလက်မခံပါဘူး။ ဒါ​ပေမဲ့ ကိုယ်သိထားတဲ့ လုံးဝန်းနေတဲ့ ကမ္ဘာကို အတည်ပြုပြီး မင်းတို့ င​ပေါ​တွေဆိုပြီး သွား​ပြောဖို့​တော့ မသင့်ဘူး ထင်တာပါပဲ။ ကျွန်​တော်က ဗုဒ္ဓဘာသာမို့ တခြားဘာသာ​ကိုးကွယ်သူ​တွေကို င​ပေါသွား​ပြောလို့ မရတာနဲ့ သိပ်မကွာလှပါဘူး။ ကမ္ဘာလုံးတာ သက်​သေရှိလို့ သက်​သေရှိမှ ယုံရစတမ်းဆိုလဲ ဘာသာကိုးကွယ်မှု​တွေ အ​တော်နည်းကုန်ဖို့သာ ရှိတာမဟုတ်လား​လေ။

■လောကမှာ သင်္ချာကလွဲပြီး အမှန်စစ်စစ်ဆိုတာ မရှိဘူးလို့ သင်္ချာပညာရှင် တစ်ဦးက ဆိုဖူးပါတယ်။ ပြောရရင် ၁+၁ ဟာ ကျွန်တော်ပေါင်းလဲ ၂ပဲ။ ခင်ဗျားပေါင်းလဲ ၂ပဲ။ ဘယ်သူပေါင်းပေါင်း ၂ဖြစ်သလို၊ မကျေနပ်ပဲ လကမ္ဘာပေါ်ထိ တက်ပေါင်းလဲ ၂ ရမှာဖြစ်ပါတယ်။ လူမဟုတ်ပဲ တိရစ္ဆာန်တစ်ကောင်က ဂဏန်းပေါင်းတတ်လို့ ပေါင်းရင်လည်း ၂ ပဲရဖို့ ရှိတာမျိုး။ ကျွန်တော်တို့ သိတဲ့ ကျန်တဲ့ အမှန်တွေကတော့ အချိန်ကာလတစ်ခု၊ အခြေအနေ တစ်ခုအတွက် ပဲ မှန်နေတာမျိုး ဖြစ်နေတာပါ။ သဘောက ဒီအချိန်မှာ၊ ဒီအခြေအနေမှာ ဒီကိစ္စဖြစ်တာ ကောင်းတဲ့အကျိုးဆက်များရင် မှန်တယ်၊ နည်းရင် မှားတယ်ဆိုတာမျိုးပေါ့။ ဒီတော့ လူတိုင်းမှာ Bias အယူအဆရှိတယ်ဆိုတာကို နားလည် လက်ခံပြီး၊ ဘယ်သူလုပ်တာကတော့ ကောင်းကျိုးပိုပေးတယ်၊ ဆိုးကျိုးပိုပေးတယ် စသဖြင့် တိုင်းတာ တာမျိုးသာ လုပ်သင့်ပါတယ်။ ကိုယ်နဲ့ ကီးမကိုက်တာ တစ်ခုခုတွေ့တာနဲ့ ဒီကောင်/မ လုပ်တာတွေဟာ သောက်ချိုးတစ်ခုမှ မပြေဘူး၊ အထင်ကြီးသမျှ အလကားစသဖြင့်တွေ လုပ်နေရင် အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် လက်ရှိအချိန်မှာ ကျွန်တော်တို့တွေအားလုံး ဒီလိုအတွေးမျိုး ရှိဖို့ ပိုလိုအပ်တယ်လို့ ထင်ပါကြောင်း။

#Byine

ခေါင်းစဥ် အမှတ် (၁)

တိုက်ဆိုင်မှုတွေ၊ ကံတရားတွေ ပတ်သက်နေတဲ့ အဖြစ်အပျက်တွေက နည်းပြတွေ၊ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ မြင်နိုင်စွမ်းအပေါ် မကြာခဏ နှောင့်ယှက်ပေးလေ့ရှိတယ်။ အခြေအနေ တစ်ခုကြောင့် ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ကမ္ဘာ့အဆင့်ထိပ်တန်း ဖြစ်သွားနိုင်သလို၊ အခြေအနေ တစ်ခုကြောင့်ပဲ အဆင့်မမီတဲ့ မကျွမ်းကျင်သူဖြစ်သွားနိုင်တယ်။ လက်စတာအသင်းနဲ့ မဖြစ်နိုင်လောက်စရာ စွမ်းဆောင်မှုလုပ်ခဲ့တာကြောင့် ရာနီယေးရီကို ကမ္ဘာ့အဆင့်နည်းပြလို့ ဆုံးဖြတ်မရဘူး။ အဲဒါမျိုးကို ကမ္ဘာ့အဆင့်နည်းပြက လုပ်နိုင်လားဆိုလဲ မလုပ်နိုင်ဘူး။ ပြောချင်တာက အောင်မြင်ခြင်း မအောင်မြင်ခြင်းက ရရှိလာတဲ့ အသီးအပွင့်တစ်ခုထက် မပိုဘူး။ ပရော်ဖက်ရှင်နယ်တစ်ဦးရဲ့ အစွမ်းအစဆိုတာ ယှဥ်ပြိုင်နိုင်စွမ်းရှိဖို့က အဓိက ဖြစ်ရမယ်။ ယှဥ်ပြိုင်နိုင်မှုမဲ့သွားရင် အဆင့်ကျတာပဲ။

ဥပမာ ဒေးဗစ်မိုရက်စ်ကို ကြည့်ရအောင်၊ အဲဗာတန်မှာ နည်းပြစဥ်က သူ့ရဲ့ အစွမ်းက တောက်မဲ့ မီးခဲ တရဲရဲ ဆိုသလို သတ်မှတ်ထားကြတယ်။ ရှိတာထက် စွမ်းတဲ့ ဦးဆောင်နိုင်စွမ်းမျိုး တောက်လျှောက်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ယူနိုက်တက်ကို ရောက်ချိန်ကျ သူ့ရဲ့ ဆုံးဖြတ်ချက်တွေက တောက်လျှောက်ဆိုသလို မှားတာပဲ။ မှားတယ်ဆိုတဲ့ အဲဒီ အယူအဆက ဒီနေရာမှာ တာသွားပါတယ်။ သူ့ဆုံးဖြတ်ချက်တွေက တော်ရုံ အသင်းတွေမှာ မှန်ကန်နိုင်ပေမဲ့ အောင်မြင်မှုကို ဆုဖလားနဲ့ တိုင်းတဲ့ အသင်းတွေမှာ မမှန်ဘူးလို့ ဆိုလိုတာမျိုးဖြစ်တယ်။ ယူနိုက်တက်မှာ လျှမ်းလျှမ်းတောက်နေတဲ့ ခံစစ်မှုးတွေကို အဲဗာတန်က တန်းမဝင်တဲ့ ခဲစစ်မှုးရဲ့ ရွေ့လျားလှုပ်ရှားမှုအပေါ် လေ့လာသင်ယူခိုင်းတာမျိုးတွေပေါ့။ ဒါပေမဲ့ အဲ့တာ သူ့ရဲ့ စည်းမျဥ်း၊ သူ့ရဲ့ဥပဒေသတွေ။ ဒီတော့ အဲတာတွေကို ပြင်ခြင်းဟာ သူ့ကို ပြင်လိုက်တာပဲ ဖြစ်မယ်။ သူကလဲ မပြင်ခဲ့ဘူး။ အဲဒါကြောင့်ပဲ သူ့အတွက် တန်းတစ်ခု ရှိသွားတယ်။ သူ့ယှဥ်ပြိုင်နိုင်စွမ်းက ထိပ်တန်းအဆင့်တွေမှာ ရှိမနေဘူး ဆိုတာပဲ။ သူထိပ်တန်းအဆင့်မှာ ယှဥ်ပြိုင်ဖို့ဆိုရင် သူက အဲဗာတန်မိုရက်စ် အဆင့်နဲ့ မရတော့ဘူး၊ နောက်ထပ်မိုရက်စ်တစ်ဦး သူရှာဖို့ လိုခဲ့တယ်။ ပြောရရင် မိုရက်စ်က ယူနိုက်တက်မှာ ရှိနေတဲ့ အချိန်တွေမှာ အဲဗာတန်အခွံထဲ ပုန်းနေခဲ့ပြီး ယူနိုက်တက်မိုရက်စ်အခွံထဲ မဝင်ခဲ့ဘူး။ ထိပ်တန်းအဆင့် ယှဥ်ပြိုင်မှုကို သင်ယူနိုင်စွမ်းမဲ့တယ် ခေါ်ရမလား။

ဂျာမန်မြေက ထွက်လာတဲ့ ဂျာဂျင်ကလော့ပ်တစ်ယောက် အင်္ဂလန်မြေက လီဗာပူးလ် ရောက်လာတယ်။ မျှော်လင့်ချက်တွေ တသီကြီး ထားခဲ့ကြတယ်။ သမိုင်းထဲရောက်နေတဲ့ အောင်မြင်မှုတွေ ပြန်ပေါ်လာမလားပေါ့။ သူ့ရှေ့မှာ နန်းစွန့်ခဲ့ရတဲ့ ဘရန်ဒန်ရော့ဒ်ဂျာ လက်ထက်မှာ အောင်မြင်မှု ရလု ရခင်လေး၊ ချန်ပီယံဆုနဲ့ တေ့လွဲလွဲခဲ့ရတာမျိုးလေး ဖြစ်ခဲ့တယ်။ ကလော့ပ်ရောက်လာတဲ့အချိန် အားလုံးက နည်းပြကောင်း ဖြစ်တာနဲ့ အညီ ရော့ဒ်ဂျာထက် ပိုတဲ့ အောင်မြင်မှုကို မျှော်လင့်ကြမှာပဲ။ ဒါပေမဲ့ ကလော့ပ်က ဒုတိယတန်းအဆင့် ဥရောပပွဲမှာ ဗိုလ်လုပွဲရောက်မှ ဒူးထောက်ခဲ့ရတာကသာ အပေါင်းလက္ခဏာ ဆောင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အတော်လေး တိုင်ပတ်ခဲ့တယ်။ ပြောရရင် ဒါဟာ ကျရှုံးမှု တစ်ခုထက် မပိုပါဘူး။ ဒါပေမဲ့ မိုရက်စ်နဲ့ ကွာသွားတာက ဂျာမန်သားဟာ ပြိုင်ပွဲ တောက်လျှောက် လိဂ်အသစ်မှာ သင်ယူခဲ့တာပဲ။ ပြောရရင် ယှဥ်ပြိုင်နိုင်ဖို့ ကြိုးစားခဲ့ပြီး ထပ်ယှဥ်ပြိုင်ခွင့်ပေးသင့်တဲ့ ယှဥ်ပြိင်နိုင်စွမ်းကို ပြခဲ့တာမျိုးပေါ့။ (ဘယ်လိုလဲဆိုတာကတော့ ကလော့ပ်နဲ့ပတ်သက်ပြီး အသေးစိတ် သုံးသပ်မှရှင်းမှာပဲ)။ လီဗာပူးလ် တာဝန်ရှိသူတွေဟာ အဲ့ဒီအချိန်မှာ ရွေးချယ်မှု လုပ်ခဲ့ရသလို ဒုတိယနှစ်မှာလဲ အဆင့်လေးသာရခဲ့တဲ့ အပေါ် ဆုံးဖြတ်ချက် ပေးခဲ့ရပြန်တယ်။

အခု လီဗာပူးလ် အသင်းဟာ ကမ္ဘာ့အကောင်းဆုံးလို့ ပြောလို့ရလောက်တဲ့ အခြေအနေဖြစ်နေတယ်။ ပရီးမီးယားဖလားကို မနှစ်က ရတယ်။ ချန်ပီယံလိဂ်ကို အရင်တစ်နှစ်က ရတယ်။ အဲဒီဖလား ၂ခုရခဲ့လို့ ကလော့ပ်ဟာ အောင်မြင်တယ်လို့ ခေါ်တာလား။ တကယ်လို့ ဘာစီလိုနာနဲ့ပွဲမှာ တဖက်အသင်းကလဲ ဂယောင်မဖတ်ခဲ့ပဲ၊ အိုရီဂီလို တိုက်စစ်မှုးနဲ့ မဖြစ်နိုင်စရာ ပြန်လာမှုမျိုးမလုပ်ခဲ့ရင် ဒါမှမဟုတ် အဲဒီ၂ခုထဲကပဲ တစ်ခုဖြစ်ခဲ့ရင် သူတို့ရတဲ့ ချန်ပီယံလိဂ်ဖလား မရှိတော့ဘူး။ အဲဒီတော့ ဘယ်လို ဆုံးဖြတ်မှုမျိုး ဖြစ်သွားနိုင်မလဲ။ ဗိုလ်လုပွဲမှာ ဗီဒီယိုဒိုင်ရဲ့ ပင်နယ်တီနဲ့ အစောကတည်းက ဂိုးရပြီး အေးအေးလူလူ မကစားခဲ့ရရင်လဲ စပါးနဲ့ပွဲဟာလဲ တမျိုးဖြစ်နိုင်တာပဲ။ အဲတာတွေထဲက တစ်ခုဖြစ်ရင်ကို စံချိန်တင် ဂိုးသမား စံချိန်တင်ခံစစ်မှုး အကောင်းဆုံး ခြေစွမ်းရှိနေတဲ့ တိုက်စစ်သုံးဖော်ရှိနေတာတောင် ပရီးမီးယား တစ်လုံးပဲရတဲ့ ကလော့ပ် အဆင့်မမီတဲ့ ကလော့ပ် ဖြစ်သွားနိုင်တယ်။

တကယ်လို့ ခရာသံမကြားရတဲ့ ဗန်ပါစီကို ဘာမှမဆိုင်တဲ့ အနီကတ်မပြခဲ့ရင်၊ တကယ်လို့ အင်နီယက်စတာရဲ့ စတန်းဖို့ ဘရစ်ချ် နောက်ကျ အနိုင်ဂိုးကန်ချက် ဂိုးပေါက် လွဲခဲ့ရင် ဂွာဒီယိုလာဟာ ချန်ပီယံလိဂ်ဖလား လုံးဝ မရဖူးတဲ့ နည်းပြ ဖြစ်သွားနိုင်တယ်။ အဲ့တာဟာ သူ့ကို ကမ္ဘာ့အဆင့် နည်းပြအဖြစ်က သွေဖယ်သွားစေနိုင်တယ်။ အဲဒီ စက္ကန့်ပိုင်း အဖြစ်အပျက်လေးတွေကပဲ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုအပေါ် ထိရောက်မှု ကြီးကြီးမားမား ဖြစ်စေနိုင်တယ်။ အဲဒီလို ဖြစ်သင့်လား။

အဲဒီတကယ်လို့တွေကို ထပ်ပေါင်းပြီး တကယ်လို့ နေးမာသာ မှော်မဝင်ခဲ့တာဖြစ်ဖြစ်၊ PSG ကပဲ အဲဒီလောက် မညံ့ခဲ့တာဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့ရင် မက်ဆီရဲ့ နောက်ဆုံးရခဲ့တဲ့ ချနိပီယံလိဂ် ဖလား၃လုံးဟာ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး။ အဲ့တာဆိုရင် သူအနည်းငယ်ပဲ ပါဝင်ပတ်သက်ခဲ့တဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလားပဲ ကျန်တော့မယ်။ ဒါတောင် တကယ်လို့ ပွဲစတာနဲ့ လေမန်း အနီကတ်မထိခဲ့ရင်ဆိုပြီး ပြောလို့ရနိုင်တယ်။ အဲဒီ တကယ်လို့ လေးကြိမ်မှာ တစ်ကြိမ်လောက်ပဲ’လို့’လိုက်တာနဲ့ မက်ဆီရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဖလားအရေအတွက် တစ်လုံးလျော့သွားနိုင်တယ်။ အဲ့တာဆို သူ့ရဲ့ အောင်မြင်မှုဟာလဲ လျော့သွားနိုင်ပြီး လက်ရှိသူ့အပေါ် မြင်တဲ့ အမြင်တွေလဲ လျော့သွားနိုင်တယ်။ အဲ့ဒီလို ဖြစ်သင့်လား။

ပြောချင်တဲ့ အဓိက အကြောင်းအရာက ဖလားအောင်မြင်မှုတိုင်းကိုကြည့်ပြီး၊ ကစားသမားပဲ ဖြစ်ဖြစ် နည်းပြပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်အပေါ် အကြိမ်တိုင်းလိုလို ဝင်ရောက် ဘိသိက်တင်တာမျိုး ဒါမှမဟုတ် အသုဘချတာမျိုး လုပ်နေတာဟာ မဖြစ်သင့်ဘူး။ ဘယ်လောက် ယှဥ်ပြိုင်နိုင်စွမ်း ရှိသလဲ အပေါ်ကိုသာ ကြည့်သင့်တယ်။ ဥပမာအားဖြင့် ပြောရရင် ဆာအဲလက်စ် ဖာဂူဆန်အပေါ် ချန်ပီယံလိဂ် ဖလား ၂လုံးသာ ရယူနိုင်ခဲ့တဲ့အချက်ကိုနင်းပြီး ဝေဖန်ကြတာ မကြာခဏ တွေ့ရတယ်။ ပြောရတာလဲ သိပ်လွယ်တာကိုး။ အင်မတန် ဆွတ်ခူးရခက်ပါတယ်ဆိုတဲ့ အဲ့ဒီဆုဖလားကို ဇီဒိန်းလို နည်းပြက နည်းပြဘဝ စ ကာရှိသေး ၃နှစ်ဆက် ဖလားယူလိုက်တာမျိုး၊ ဒီလိုပဲ ပက်လို ဝါနုနည်းပြက သူ့ကို ၂ကြိမ်တိုင်တိုင် ဗိုလ်လုပွဲမှာတင် သမခဲ့ပြီး သူကိုယ်တိုင်တောင် လက်တွေ တဆတ်ဆတ်တုန်အောင် ဖြစ်ခဲ့ရတာတွေမျိုးပေါ့။

ဖာဂီက ဘာအဆင့်ရှိတုန်း မန်ယူမှာ နှစ်၃၀နီးပါးနည်းပြပြီး ဥရောပဖလား ၂ခါပဲရတာ ဘလာဘလာ။ ရတဲ့၂ကြိမ်က တစ်ကြိမ်က ကြက်ကန်း ဆန်အိုးတိုး၊ တစ်ကြိမ်က တယ်ရီချော်လဲတာကြောင့်။ အဲ့ ၂ကြိမ်သာ ကံမလိုက်ရင် ဥရောပဖလားတောင် ရဖူးမှာ မဟုတ်။ ပိုက်ဆံသုံးနိုင်လို့ အိမ်မှာပဲကျယ်နိုင်တာ။

ဆိုတဲ့ ယူဆမှုမျိုးပါပဲ။ အင်မတန် ရိုးစင်းတဲ့ နောက်ပြီး အသိမဲ့တဲ့ယူဆမှုမျိုးထက် မပိုပါဘူး။

ပရီးမီးယားလိဂ်ဟာ အခြားလိဂ်တွေထက် သာတယ် နိမ့်တယ် ဆိုတာထက် အင်မတန်ကို ယှဥ်ပြိုင်ရ ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်တာတော့ အမှန်ပါပဲ။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းပြချက် များစွာထဲကမှ တစ်ခုတည်းသော အကြောင်းပြချက်က အနားယူကာလ လုံးဝ မရှိတာပဲ။ တခြားလိဂ်တွေ နှစ်သစ်ကူးကာလမှာ ရာသီဝက်စာ ပင်ပမ်းမှုကို ဖျောက်ပြီး ကျန်ရာသီဝက်အတွက် အားသစ် ပြန်မွေးချိန်မှာ၊ အင်္ဂလန်မှာက အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ၃ရက်တပွဲတွေ ဖြစ်ကုန်ပြီး ပိုလို့တောင်ပင်ပင်ပန်းပန်း ကစားရတာကြောင့် ဒဏ်ရာ အနာတရတွေ ကြုံရသလို စွမ်းဆောင်ရည်တွေပါ ကျကုန်တတ်ကြပါတယ်။ ပြောရရင် ရာသီ ၃ပုံ ၂ ပုံကျသည်အထိ အင်္ဂလန်မှာ ဘယ်သူချန်ပီယံ ဖလားရမယ် ဘယ်သူ ဥရောပ ဝင်ခွင့်ရမယ် ဆိုတာကို အနိမ့်ဆုံး ၅သင်းလောက်ထဲက ရွေးမသိနိုင်တဲ့ အခြေအနေမှာ အခြားလိဂ်တွေမှာတော့ အတော် ရုပ်လုံး ပေါ်လေ့ ရှိနေပါပြီ။ တချို့က နောက်ဆုံး ဘယ်နှစ်ခုနှစ်အတွင်းမှာ တခြားလိဂ်တွေက ပရီးမီးယားလိဂ်ထက် ချန်ပီယံ အသင်းပိုများသေးတယ် ဆိုတဲ့ အချက်နဲ့ ပြိုင်ဆိုင်မှုက အင်္ဂလန်မှာ ပိုနည်းကြောင်း ဆိုတတ်ပေမဲ့။ ဘာစီလိုနာ ရီးရဲမပါ၊ ဘိုင်ယန်မပါ၊ ဂျူဗီမပါတဲ့ အခြားလိဂ်တွေရဲ့ ချန်ပီယံ လုပွဲဟာ မရှိသလောက်ဖြစ်ပြီး၊ အင်္ဂလန်မှာတော့ မန်ယူမပါတဲ့၊ အာဆင်နယ်မပါတဲ့၊ ချဲလ်ဆီးမပါတဲ့၊ စီးတီးမပါတဲ့၊ လီဗာပူးလ်မပါတဲ့ ချန်ပီယံ လုပွဲတွေကို သူ့ကာလနဲ့သူ အမြဲမြင်ခဲ့ရတယ်။ ပြောရရင် ပြိုင်ပွဲကစားနေရင်း ချန်ပီယံ လုပွဲကနေ ထွက်ပေးရတာ မဟုတ်ပဲ ရာသီအစကတည်းက ဒီအသင်းတွေ ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ပြောလို့ရတဲ့ အချိန်တွေ ရှိနေတာကို ဆိုလိုခြင်း ဖြစ်တယ်။ တခြားလိဂ်တွေအတွက် ဘာကာ၊ ရီးရဲလ်၊ ဂျူဗီ၊ ဘိုင်ယန် စတဲ့အသင်းတွေ ဘယ်လိုမှ ချန်ပီယံဆု မရနိုင်ဘူးပြောနိုင်တဲ့ နှစ်ရှိခဲ့တာ မဟုတ်ဘူးဆိုတာ မြင်ရင်ပဲ ဘယ်လိဂ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဆိုတာ သိနိုင်ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အဲ့ဒီလို ကြမ်းတမ်းလွန်းတဲ့ ခရီးရှည်ကြောင့် အသင်းကြီးတွေဟာ ဥရောပထက် ပြည်တွင်းကို ပိုဂရုစိုက်ရပါတယ်။ ချန်ပီယံ မဖြစ်နိုင်ဘူးထားပါစေဦး၊ အဆင့်၄အပြင်ထွက်ပြီး ယူရိုပါလိဂ်လို ပြိုင်ပွဲရောက်သွားခဲ့ရင် ပိုပြီး ဒုက္ခများသွားနိုင်တာကို သိနေကြပါတယ်။ ဒါ့ကြောင့် ဥရောပပြိုင်ပွဲတွေ ကစားတိုင်း၊ အဆင့်တစ်ခုတက်တိုင်း အင်္ဂလန်ကလပ်တွေဟာ တခြားအသင်းနဲ့ လယ်ဗယ်ခြင်းတူနေရင်တောင် လန်းဆန်းမှုက မိုးနဲ့မြေလို ဖြစ်တတ်တဲ့အခြေအနေ ရှိနေချိန်မှာပဲ၊ အခြားလိဂ်ပြိုင်ပွဲတွေက သူတို့ရဲ့ ကလပ်တွေအတွက် ပွဲစဥ်တွေ ချောင်လည်အောင် ပြင်ဆင် ရေးဆွဲပေးချိန်မှာ အင်္ဂလိပ်တွေက ငွေမျက်နှာပဲ ကြည့်ပြီး ပွဲကစားစေတော့ ဆိုးသထက် ဆိုးကုန်ပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ပြည်တွင်းရော ဥရောပမှာပါ အခြေအနေကောင်းကောင်း ဟန်ချက်ထိန်းဖို့ အင်္ဂလန် ကလပ်တွေ အနေနဲ့ စိန်ခေါ်မှု ကြီးမားပါတယ်။

သက်သေအနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အသင်းကလွဲပြီး ဥရောပ ဗိုလ်ဖြစ်ခဲ့တဲ့ လီဗာပူးလ်၂ကြိမ်နဲ့ ချဲလ်ဆီး တစ်ကြိမ် သုံးကြိမ်လုံးမှာ အဲဒီအသင်းတွေ အနေနဲ့ ပြည်တွင်းမှာ ဗိုလ်ဖြစ်ဖို့နေနေသာသာ လီဗာပူးလ်ရခဲ့တဲ့ နောက်ဆုံးတကြိမ်သာ ပြည်တွင်းချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့ရုံအဆင့် ရှိခဲ့ပြီး၊ ကျန်၂ကြိမ်မှာတော့ သေမလားရှင်မလားအခြေအနေနဲ့ ကျားနာခဲ ခဲရင်း ခဲရာခဲဆစ် ဥရောပချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်လို ခက်ခဲလှတဲ့ ကမ္ဘာ့အမြင့်မားဆုံး ထိပ်တန်းပြိုင်ပွဲတွေတင် မဟုတ်ပါဘူး၊ တဆင့်နိမ့် ယူရိုပါလိဂ်မှာ အင်္ဂလန်ကလပ်တွေ ဗိုလ်ဝင်ခံချိန်တွေမှာလဲ အဲဒီအသင်းတွေရဲ့ ဆိုးရွားလှတဲ့ ပြည်တွင်းရပ်တည်မှုကပဲ သူတို့ကို ယူရိုပါဖလားရဖို့ တွန်းအားဖြစ်စေခဲ့တာပါ။ ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ်တွေ ထိပ်ဆုံးအဆင့်အထိ ဖောဖောသီသီ ယှဥ်ပြိုင်ခဲ့တဲ့ ကာလတွေဟာလဲ ပြိုင်ပွဲမစခင် မန်ယူ၊ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးလ် ဟာ ရာသီကုန်မှာ ထိပ်ဆုံးလေးသင်းဖြစ်မယ်လို့ အတပ်ပြောလို့ ရတဲ့အချိန်တွေမှာ ဖြစ်ခဲ့တာကိုကြည့်ရင်လဲ ချန်ပီယံလိဂ်ဟာ အင်္ဂလန်ကလပ်တွေအတွက် ပထမတန်းစား မဟုတ်တာ သိသာပါတယ်။

အဲဒီလိုအခြေအနေမျိုး ဖြစ်နေတဲ့အပြင် ဘောလုံးရာသီတိုင်းလို အနိမ့်ဆုံး အဆင့်၃က မဆင်းတဲ့ ဖာဂူဆန်ဟာ ချန်ပီယံလိဂ်မှာလဲ အရိုသေတန်လောက်တဲ့ ရုပ်ပျက်မှုမျိုး မရှိခဲ့ပါဘူး။ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းချန်ပီယံကို ပူးတွဲယူဖို့ ခက်ခဲလှတဲ့ကြားက လုပ်ပြနိုင်ခဲ့တယ်။ ဒါ့အပြင် ဥရောပမှာ ဖာဂူဆန်ကို အပြုတ်ဖြုတ်သွားတဲ့ အသင်းတွေဟာ များသောအားဖြင့် ချန်ပီယံဖြစ်သွားလေ့ရှိတတ်ကြတာဟာ သူ့ရဲ့ယှဥ်ပြိုင်နိုင်စွမ်းပါပဲ။ သူရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲ ၂ပွဲရဲ့ ပြိုင်ဘက်ဟာ ထာဝရအကောင်းဆုံး အသင်းတစ်သင်းလို့ ညွှန်းနိုင်တဲ့ အဆင့်ရှိတဲ့ အသင်းပါ။ တကယ်တော့ ဆာအဲလက်စ်ကို နှစ်၃၀နီးပါး ယူနိုက်တက် နည်းပြလုပ်ပြီး ဥရောပချန်ပီယံ ၂ကြိမ်ပဲရတဲ့ အိမ်ကျယ် နည်းပြလို့ စွတ်စွဲတာမျိုးဟာ အသိဥာဏ်မဲ့ရာကျတယ်လို့ ပြန်လည် ရှုတ်ချနိုင်ပါတယ်။

ဒါကြောင့်ပဲ အသေးစိတ်ပိုမို ပါဝင်တဲ့ မြင်ကွင်းကျယ်ကို အကြောင်းအချက် ခိုင်ခိုင်လုံလုံနဲ့ မကြည့်ပဲနဲ့ ဘာကို အမှန်တရား၊ ဘာကို အမှားဆိုပြီးပြောမရဘူးလို့ ပြောလေ့ရှိကြတာ။ ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ရပ်အပေါ်ကို အားကိုးလွန်းပြီး တစ်စုံတစ်ယောက်ရဲ့ အစွမ်းအစကို မေးခွန်းထုတ်တာ၊ ကာလတို စွမ်းဆောင်မှုကို ကြည့်ပြီး အဖြူအမဲ ဆုံးဖြတ်ပေးတာမျိုးဟာ အဲဒီ ကိစ္စအပေါ် မြင်တဲ့ ကိုယ်ပိုင် ပုဂ္ဂလိက အမြင်သက်သက်တစ်ခုထက် မပိုနိုင်ဘူးလို့ ဆိုကြတာဖြစ်တယ်။ ကစားသမားတစ်ဦးအပေါ် ဖြစ်ဖြစ် နည်းပြတစ်ဦးအပေါ်ဖြစ်ဖြစ် သူလုပ်နေတာကဘာလဲ၊ သူကြိုးစား ရယူနေတာ ဘာလဲ ဆိုတာကို မြင်နိုင်အောင် ကြိုးစားကြည့်ပြီး သူလုပ်နေတာတွေ မှန်ရဲ့လား၊ သူကြိုးစားရယူနေတာတွေ ရလား ဆိုတဲ့ အဖြေတွေကို ထုတ်ရင်း သုံးသပ် ပြောဆိုကြမှသာ ဘောလုံးစကား အလာပသလာပ ပြောလို့ကောင်းတာပဲ။ လှောင်ဖို့ ရိဖို့ဆိုတဲ့ fun ရှာတဲ့ အယူအဆတွေမဟုတ်ပဲ တလွဲအယူအဆတွေကို အတည်ကြီးတွေ ပြောနေကြရင်ဖြင့် အသိဥာဏ်မဲ့တဲ့ စကားတွေဖြစ်နေမှာမို့ အင်မတန် ပျင်းစရာကောင်းလှပါတယ်။